[Unicode]
အခန်း ၇၇၄ ကျန်းမိသားစုလား? ဂရုကိုမစိုက်ဘူးပရိသတ်ဖြစ်ရုံကြောင့်တင်မကဘဲ ကုနင်းသည် သူမ၏ကြင်နာမှုနှင့် အကူအညီပေးတတ်မှုကြောင့် လူသိများလာခြင်းဖြစ်၍ သူမ၏ပရိသတ်တွေက ဘယ်လိုလုပ်များ သူမကို ပြဿနာရှာတတ်သူဟု ထင်ကြပါ့မလဲ။
“နင်တို့….” ကျန်းဝမ်မေ့တစ်ယောက် ရဲများက ဖြစ်စဉ်အသေးစိတ်ကိုပင် မေးမြန်းခြင်းမရှိဘဲ ကုနင်းကိုသာ ယုံကြည်ပေးနေတာကြောင့် အလွန်အံ့အားသင့်နေရတော့သည်။ “သူက ငါတို့ဆိုင်ကို ခိုးသွားတာ၊ ငါတို့က အေးအေးဆေးဆေးပြန်ပေးလိုက်ဖို့ပြောတာကို သူကငြင်းတဲ့အပြင် ငါတို့ကိုတောင် ထိခိုက်အောင် လုပ်သွားသေးတယ်လေ!”
“တကယ်လား? ဒီဆိုင်က တကယ်ပဲခင်ဗျားတို့ဆိုင်လား?” ရဲက ပြန်မေးလိုက်သည်။ အသံအအနေအထားကတော့ ကျန်းဝမ်မေ့စကားကို မယုံကြည်မှန်း သိသာလှသည်။
“မဟုတ်သေးဘူးပေါ့၊ ဒါပေမယ့်….” ကျန်းဝမ်မေ့ ရှင်းပြဖို့လုပ်လိုက်ပေမည့် ရဲက သူမစကားကို ဖြတ်ပြောလိုက်ပြန်သည်။ “ဒီဆိုင်က ခင်ဗျားတို့ဆိုင်မဟုတ်မှတော့ သူက ခင်ဗျားတို့ဆီက ခိုးယူတယ်လို့ ဘယ်ပြောလို့ရတော့မလဲ။”
ကျန်းဝမ်မေ့ ဆွံ့အလို့သွားတော့သည်။
ထိုအချင်းအရာကြောင့် ကျန်းကတော်လဲ သူမသမီးကို ကူညီရန် စကားဝင်ပြောရတော့သည်။ “ဒီဆိုင်က ငှားဖို့တင်ထားတဲ့ဆိုင်၊ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ငါတို့ငှားပါမယ်လို့ ကတိပေးထားပြီးပြီ။ ဒီနေ့ ငါတို့ဆိုင်စာချုပ်,ချုပ်ဖို့လဲ လာရော သူက ငါတို့ထက်ဦးပြီး လက်မှတ်ထိုးသွားတာ၊”
ဒီဆိုင်ကို သူတို့ငှားဖို့ပြောဆိုထားခြင်းက အမှန်တရားဆိုသော်လည်း နောက်ဆုံးအတည်တကျဆုံးဖြတ်ချက်ကိုတော့ မထားခဲ့တာကြောင့် ဆိုင်ပိုင်ရှင်အနေနှင့် အခြားဘယ်သူ့ကိုမဆို ငှားလိုက်နိုင်ပေသည်။
“ခင်ဗျားက ဒီဆိုင်ကို ငှားချင်တယ်လို့ ပြောခဲ့တယ်နော်၊ ဒါဆို ဘာလို့ စာချုပ်ကျတော့ မချုပ်ခဲ့တာလဲ?” ရဲဘက်က ပြန်မေးလိုက်သည်။ ကုနင်းလက်ထဲတွင် စာချုပ်ရှိနေသည်ကို သူမြင်ထားတာကြောင့် ကုနင်းက ထိုအမျိုးသမီးနှစ်ဦးထက်အရင် စာချုပ်,ချုပ်လိုက်သည်ဟု အဓိပ္ပါယ်ရပေသည်။