" အစ်မ စက်ဘီးသွားစီးရအောင် ။ "
စာကြည့်တိုက်မှ ငှားလာသော စာအုပ်ကို သည်းကြီးမည်းကြီး ထိုင်ဖတ်နေစဥ် လွန်းကလာခေါ်သည် ။
" ဟင် အခုလား "
" အင်း "
ဖတ်လက်စ စာမျက်နှာကို စာမှတ်ကဒ်ဖြင့် သေချာမှတ်လိုက်သည် ။ ထို့နောက် အရှေ့မှ ထွက်သွားသော လွန်းနောက်ကို လိုက်ရသည် ။
" အစ်မ စက်ဘီးပဲ ယူသွားရအောင် ၊ ညီမ စက်ဘီးမနင်းချင်ဘူး "
စက်ဘီးစီးရအောင်လို့ ပြောလာပေမယ့် နင်းဖို့ငြင်းဆန်နေပြန်သည် ။ စက်ဘီးပေါ်တက်ပြီး ခြံဝအထိ နင်းလာပေမယ့် ဘယ်ကို ဦးတည်ရမယ်မှန်း မသိသေး ။
" ဘယ်ကို သွားချင်လဲ လွန်း "
" ကမ္ဘာအဆုံးပဲ "
ဟက်ကနဲ ရယ်ချလိုက်မိသည် ။ လွန်းက တစ်ခါတစ်ရံ စကားအဆန်းတွေ ပြောတက်သည် ။ စာအုပ် အဖတ်များ၍လားတော့ မသိ ၊ လွန်းရဲ့ စကားအများစုက လူကြီးဆန်သလို ဖြစ်နေတတ်သည် ။
စက်ဘီးနောက်ခုံကို ကိုင်ထားသည့် လွန်း၏ လက်များက နှိုင်းရဲ့ ခါးပေါ်ကို ရောက်လာသည် ။ ကျောပြင်ပေါ်သို့ မျက်နှာအပ်လိုက်ဟန်တူသည် ။ နူးညံ့မှုတစ်ချို့ကို ခံစားရသည် ။
" အစ်မ "
" ဆို "
" ညီမ အသက်အရွယ်က စိတ်ကစားတဲ့ အရွယ်လားဟင် "
စက်ဘီး လက်ကိုင်ကို ကိုင်ထားသော လက်များ တင်းကြပ်သွားသည် ။ အမှန်အတိုင်း ပြောရရင် နှိုင်းကိုယ်တိုင်ပင် စိတ်ကစားသည်ဟူသော စကားလုံး၏ အဓိပ္ပါယ်ကို မသိပါ ။ ယခုအချိန်အထိ တစ်စုံတစ်ယောက်ကိုမှ သဘောကျ နှစ်သက်ခြင်း မရှိဖူးခဲ့ဟု ထင်သည် ။
" စိတ်ကစားတယ် ပြောရလောက်အောင် အထိတော့ မဟုတ်လောက်သေးဘူး ထင်တယ် ။ မှန်းစမ်း တစ်ယောက်ယောက်ကများ ရည်းစားစကား လာပြောထားလို့လား ၊ ပြန်ကြိုက်ဖို့ စဥ်းစားနေသလား လွန်းဟေမာန်ငယ် "
" အဲ့လိုတော့လည်း မဟုတ်ပါဘူး "
ခပ်တိုးတိုးအသံပေမယ့် သိသာစွာ တိုးဝင်သွားတာကို သတိထားမိလိုက်သည် ။
YOU ARE READING
Once Upon On Us