Intercom မှ မြင်နေရသော ပုံရိပ်သည် လှုပ်ရှားမှု မရှိ ။ ထိုပုံရိပ်၏ ပိုင်ရှင်မှာ သူမ မြတ်နိုးစွာ ပွေ့ဖက်ခဲ့ရဖူးသော မိန်းကလေးပင် ဖြစ်သည် ။ တံခါးရှေ့တွင် မည်သည့်အချိန်မျှ ရပ်နေဦးမည် မသိ ။ တံခါး lock ၏ နံပါတ်မှာ ယခင်အတိုင်း သူ့မွေးနေ့ပဲ ဖြစ်နေသည့်တိုင် တံခါးကိုလည်း ဖွင့်ဝင်မလာ ၊ တံခါးဘဲလ်ကိုလည်း မနှိပ် ။ ထိုကဲ့သို့ ဝမ်းနည်းနေရသော မျက်နှာ အမူအယာကို မမြင်လိုခဲ့ ။
တံခါးလက်ကိုင်ကို ဆွဲဖိကာဖြင့် ဖွင့်လိုက်တော့ လွန်းက သူမကို တအံ့တဩဖြင့် မော့ကြည်သည် ။ စကားတစ်ခွန်းမှ မဆိုသည့်တိုင် လွန်း၏ ပါးပြင်မှမျက်ရည်စတစ်ချို့ ဖြတ်ပြေးသွားသည် ။
ဧည့်ခန်းရှိ စားပွဲပေါ်တင်ထားသော passport စာအုပ်နှင့် luggage အိတ်ကို တွေ့လိုက်ရသည် ။
" ထပ်ပြီး ထွက်သွားဦးမှာပဲ "
အသံထွက်ရုံမျှသော စကားပေမယ့် လေးနက်မှုတစ်ချို့တော့ ပါဝင်နေသည် ။ ထပ်ထွက်မသွားတော့ပါဘူးဟု ကတိပေးခဲ့သူကို ဤသို့ အခြေအနေမျိုးဖြင့် တွေ့မြင်နေရသည် မဟုတ်ပါလား ။
အရဲစွန့်ကာဖြင့် နှိုင်းမခ၏ ဘယ်လက်ကို ဆွဲကာ လွန်း၏ အိတ်ကပ်ထဲမှ နာရီကို ထုတ်ဝတ်ပေးလိုက်သည် ။ နှိုင်းမခ၏ မျက်နှာတွင် မည်သို့သော ခံစားချက်မျိုးကိုမှ မတွေ့ရသည်က လွန်းကို ပို၍ နာကျင်စေသည် ။
" ဒါလေးတော့ ပေးလိုက်ချင်လို့ ၊ ညီမ ပြန်သွားမှ လွှင့်ပစ်တာ ဖြစ်ဖြစ် ဖျက်ဆီးတာဖြစ်ဖြစ် တစ်ခုခု လုပ်လိုက်ပါ "
မြန်မာနိုင်ငံ၏ ဝမ်းနည်းစရာအကောင်းဆုံး ရာသီဥတုသည် မိုးရာသီဖြစ်သည် ။ မိုးက လူတစ်ဦး ပြိုလဲသွားနိုင်သော အနေအထားဖြင့် သည်းကြီးမည်းကြီးကို ရွာသွန်းနေသည် ။ လှည့်ထွက်လာခဲ့သည့်တိုင် နှိုင်းမခထံမှ စကားတစ်ခွန်းကိုသော် လည်းကောင်း ၊ လှုပ်ရှားမှု တစ်ခုခုကိုသော်လည်းကောင်း မရရှိလိုက်ပါ ။
လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုအကြာမှ သံသရာသည် တစ်ဖန်ရောက်ရှိလာပြန်ပြီ ထင်၏ ။ မိုးက တဖြေးဖြေး အရှိန်လျော့လာသည် ။ လမ်းပေါ်တွင်လည်း လူတစ်ယောက်တစ်လေသော်မျှ မတွေ့ရ ။ အုပ်မိုးစရာ ထီးမပါသော်လည်း အပြင်ထွက်လာမိသည် ။ ညတစ်နာရီအချိန်သည် လုံလောက်စွာ တိတ်ဆိတ်ပေးနေသည် ။ မိုးသံမှ လွဲ၍ အခြား မကြားရ ။ တစ်ကိုယ်လုံး စိုရွှဲကာ ခိုက်ခိုက်တုန်နေသော်လည်း ငိုနေတာကို မရပ်မိ ။ မည်သည်ကို ဦးတည်နေမှန်း မသိသည့်တိုင် လမ်းလျှောက်တာကို မရပ်ခဲ့ ။
YOU ARE READING
Once Upon On Us