" လွန်းငယ် ဂျူတီ ဘယ်အချိန်ပြီးမှာလဲ "
" အခု "
" အစ်မကို ခဏစောင့် ၊ နာရီဝက်လောက်ပဲ ။ သူရာနဲ့ အချိန်လဲပြီး ထွက်လာခဲ့မယ် ။ တူတူသွားစရာနေရာရှိလို့ "
" အစ်မရဲ့ ပိုက်ဆံအိတ်ထဲမှာ ကားသော့ ရှိတယ် ၊ ပိုက်ဆံအိတ်ပါ ယူသွား ၊ ကားထဲ ထိုင်စောင့်နေလိုက် "လွန်း ခေါင်းငြိမ့်ပြလိုက်တော့ နှိုင်းမခက ပြုံးပြကာဖြင့် ward ထဲ ပြန်ဝင်သွားသည် ။ ခဏအကြာမှာပင် လွန်း၏ လက်မှ လက်ပတ်ကလေးက တုန်ခါကာဖြင့် မီးလင်းလာသည် ။ လွန်းကို အကြိမ်ကြိမ်ပြုံးရယ်လာအောင် ပြုလုပ်နိုင်သူမှာ နှိုင်းမခ တစ်ဦးတစ်ယောက်သာ ရှိသည် ။
ကားထဲတွင် တစ်ယောက်တည်း ထိုင်နေတုန်း နှိုင်းမခ၏ အကြောင်းများကို စဉ်းစားမိသည် ။ နှိုင်းမခသည် လူမှန်းသိတတ်စ အရွယ်မှစ၍ လွန်းတွယ်တာမိသော တစ်ဦးတည်းသော သူစိမ်းဖြစ်သည် ။ အစ်မအရင်းဖြစ်သူထံတွင် အဆူအရိုက်ခံရမည့် အခြေအနေများတွင် နှိုင်းမခက ရှေ့မှ ရပ်တည်ကာဖြင့် ကာကွယ်ပေးခဲ့သည် ။ တစ်ခါတစ်ရံ ဝတီဟေမာန်ထံ၌ပင် နှစ်ယောက်စလုံး အခေါက်ခံခဲ့ရသေးသည် ။ နှိုင်းမခ၏ ကျောပြင်သည် လွန်းကို ကာကွယ်ရန်အတွက်သာ တည်ရှိခဲ့သည် ။
ကားတံခါးဖွင့်သံကို ကြားပြီးနောက် နှိုင်းမခက လွန်း၏ ဘေးသို့ ရောက်ရှိလာသည် ။
" ဘာတွေ စဉ်းစားနေတာတုန်း "
" အင်း ဒီတိုင်း ၊ နှိုင်းမခကို ချစ်တဲ့ အကြောင်းတွေ "
ဟက်ခနဲ ရယ်ချလိုက်သော အသံသဲ့သဲ့သည် လွန်း၏ နံဘေးတွင့် ဝေ့ပျံနေသည် ။
" ချစ်တဲ့အကြောင်းဆိုတာ စဉ်းစားရုံနဲ့မရဘူး ၊ လက်တွေ့ပြရတယ် ။ နမူနာပြမယ် "
နှိုင်းမခက ပတ်တော့မည့်ဆဲဆဲ လုံခြုံရေးခါးပတ်ကို ဖြုတ်ကာ လွန်းအနားသို့ တိုးကပ်လာသည် ။ နှိုင်းမခ၏ နှုတ်ခမ်းများကို မြင်လိုက်ရချိန်တွင် ပြုံးလိုက်မိသည် ထင်၏ ။ နွေးထွေးစိုအိသော နှုတ်ခမ်းတစ်ခုက လွန်း၏ နဖူးပေါ်သို့ ရှေးဦးစွာ ကျရောက်လာသည် ။ ထို့နောက် မျက်ဝန်းများဆီသို့ ဦးတည်လာသောကြောင့် အလျင်အမြန် မှိတ်ချလိုက်ရသေးသည် ။ ပါးပြင်သို့ ကူးပြောင်းရာမှ နှုတ်ခမ်းဆီသို့ ရောက်လာချိန်တွင်တော့ နှိုင်းမခ၏ လည်ပင်းကို သိုင်းဖက်လိုက်မိသည် ။ တစ်ရစ်ချင်း ဆက်နွယ်နေသော နှုတ်ခမ်းများကို ခွာလိုက်ဖို့ကိုလည်း မတွေးချင် ။ အခုလေးတင်မှ အရောင်တင်လိုက်သော နှုတ်ခမ်းနီများ နှိုင်းမခအား ပေကျံသွားလျှင်ဟူသော အတွေးကဝင်ရောက်လာသည် ။ ဒတ်ရှ်ဘုတ်ပေါ်ရှိ တစ်ရှူးဗူးကို သတိရသွားသဖြင့် ဖယ်ခွာဖို့ကို မစဉ်းစားမိတော့။ လွန်း၏ နှုတ်ခမ်းပေါ်သို့ နောက်ဆုံးသော အနမ်းတစ်ပွင့်ကို ချန်ထားခဲ့ပြီးနောက် နှုတ်ခမ်းလွှာများက ဝေးကွာသွားရသည် ။
YOU ARE READING
Once Upon On Us