" ဟိုဟာ ခ ... "
" နင် တစ်နေကုန် ငါ့နာမည်ပဲ ခေါ်နေတော့မှာလား နေသူရာရေ ၊ နင့်မှာ လုပ်စရာအလုပ်မရှိဘူးလား ။ ဆရာဝန်မလုပ်တော့ဘူးလား ၊ အလုပ်လုပ်မစားတော့ဘူးလား ၊ တောင်းစားတော့မှာလား "
ဘေးက ထိုင်ဟားမယ့် လူတစ်ယောက်မှ မရှိ၍သာ တော်သေးသည် ။ လူရှေ့သူရှေ့ဆိုလျှင် စကားပင် လေးလုံးကွဲအောင် မပြောသော်လည်း နှစ်ယောက်တည်း ရှိပါက ထိန်း၍ပင်မရတော့ ။ ယခုလည်း သူရာ့ခမြာ နှိုင်းမခ၏ တံတွေးခွက်ထဲ လက်ပစ်ကူးရတော့မည့် အဖြစ်သို့ ရောက်လုဆဲဆဲ ဖြစ်နေသည် ။
" ကိုစိုင်းက __ "
" မသွားဘူးလို့ ပြောနေတယ် ၊ နင်ဘယ်လို ဖြစ်နေသလဲ "
" မကောင်းတတ်လို့ပေါ့ဟာ ၊ လူနာရှင်တစ်ယောက်အနေနဲ့ နင့်ကို ကျေးဇူးတင်စကား ပြောချင်တာလေးပဲဟာကို ၊ ခဏလောက်တော့ တွေ့လိုက်ပါ ။ နောက် ၂ရက်ဆို သူ့ညီလည်း ဆေးရုံဆင်းပြီပဲဟာကို ၊ ထပ်တွေ့စရာ မရှိတော့ဘူးလေ "
နှိုင်းမခက မည်သည်ကိုမျှ မတုံ့ပြန်တော့ဘဲ သူရာ့ကို စိုက်ကြည့်လာသည် ။
" နေသူရာ "
" ... "
" ဟင်း ညနေ ဂျူတီပြီးရင် ငါသွားတွေ့လိုက်မယ် "
နှိုင်းမခ၏ သက်ပြင်းချသံနောက်တွင် အဖြေတစ်ခုက ကပ်ပါလာသည် ။
" ခေါင်မိုးထပ်ကို ... သွားလိုက် ၊ သူ အဲ့မှာ ညနေတိုင်း နင့်ကို စောင့်နေတာတဲ့ "
" လူကြီးတွေက ဒီလို အူကြောင်ကြောင်ကောင်ကိုမှ ဘာလို့ ငါနဲ့ ယူစေချင်နေလဲ မသိတော့ဘူး တကယ် "
နှိုင်းမခသည် တစ်ခါတစ်ရံများတွင် ဤသို့ စကားများဖြင့် စနောက်တတ်သေးသည် ။ လူတွေ မသိသော နှိုင်းမခ၏ နူးညံ့မှုတစ်ခုပင် ဖြစ်သည် ။ သူမ၏ ပြောင်းလဲမှုများကို တောက်လျောက် မြင်လာရသည်နှင့် တစ်ပြိုင်နက် သနားလည်း သနားမိသလို အပြစ်လည်း မဆိုရက် ။ နှိုင်းမခ၏ အပြုအမူများအား တစ်စုံတစ်ယောက်က အပြစ်တင်စကားဆိုလာပါက ထိုသူအား နာကျင်မှုကို မခံစားဖူးသူဟု သူရာက သတ်မှတ်လိုက်ပေမည် ။ နှိုင်းမခ၏ ဒဏ်ရာအချို့သည် ယခုတိုင် ကျန်ရှိနေနိုင်သေးသည် ။ ဤနေရာကို ပြန်လာပြီး သူမ၏ ဒဏ်ရာများ အသစ်တစ်ဖန်ပြန်လည် ဖြစ်ပေါ်လာမည်ကိုတော့ သူရာ မလိုလားပါ ။ နှိုင်းမခ၏ အကြောက်တရားသည် နှိုင်းမခ၏ ဘေးသို့ ရောက်ရှိလာချေပြီ ။ သို့မဟုတ် နှိုင်းမခကိုယ်တိုင်က ထိုအကြောက်တရား၏ ဘေးသို့ အရဲကိုးကာ ပြန်လာခြင်းလည်း ဖြစ်နိုင်သည် ။ နှိုင်းမခ၏ စိတ်ကို မဖတ်တတ်ခြင်းမှာတော့ ယခင်အတိုင်းသာ ဖြစ်သည် ။
YOU ARE READING
Once Upon On Us