22

7.3K 430 13
                                    

ရွံ့ဗွက်တွေ ပြည့်နှက်နေသော မညီမညာလမ်းကို ကြည့်ကာ သက်ပြင်းချမိသည် ။ နှိုင်းမခကတော့ ပျော်နေသယောင် အပြုံးရေးရေးကို ချိတ်ဆွဲထားသည် ။

" လွန်း ငါတို့တော့ မှားပြီလား မသိဘူး "

ပိုးဖြူ၏ ငိုချတော့မယောင်ဖြစ်နေသော မျက်နှာကို ကြည့်ကာ ရယ်လိုက်မိသည် ။ ပိုးဖြူသည် နာမည်နှင့် လိုက်အောင် ပိုးမွေးသလို ပြုစုပျိုးထောင်ခြင်း ခံလာရသူ ဖြစ်သည် ။ ထို့ကြောင့် လန့်နေသည်ကို အပြစ်မတင်လို ။

" စောင့်ကြည့်ရမှာပေါ့ ပိုးရဲ့ ၊ မကြောက်ပါနဲ့ ငါ ရှိနေတာပဲဟာကို "

" ကားဝင်လို့ရတဲ့ နေရာကတော့ ဒီအထိပဲ ၊ ဆယ်မိနစ်လောက်တော့ လမ်းလျှောက်ရမယ် "

ဧကရီက ခပ်ပြုံးပြုံးဖြင့် ဆိုလာသည် ။ နေသူရာက နှိုင်းမခ လက်ထဲမှ အိတ်ကို ဆွဲယူနေသည်ကို တွေ့ရသည် ။

" ငါ့ဟာငါ သယ်မယ်လို့ "

" ဒီလမ်းကို နင် ဘယ်လို သယ်မလဲ "

" ငါ သယ်နိုင်ပါတယ် သူရာရယ် ၊ နင့်ဟာနင်သာ ဆေးတွေ သေချာစစ်ပြီး ယူလာခဲ့ "

နှိုင်းမခ၏ အာဏာကို မည်သည့်အချိန်ကမျှ ဖီဆန်နိုင်စွမ်းမရှိခဲ့သည့် နည်းတူ ယခုလည်း နေသူရာ အရှုံးပေးလိုက်ရပြန်သည် ။

" ဒီနေ့ကတော့ ခရီးပန်းလာကြတာဆိုတော့ ဒီတိုင်း နားလိုက်ကြပါဦး ၊ မနက်ဖြန်မှ ရွာထဲက ကလေးတွေကို ကျန်းမာရေးစစ်ပေးဖို့ အလုပ်စကြ‌တာပေါ့ "

ဧကရီ၏ စကားသံက လေတိုးသံကြောင့် မသဲကွဲ ။ သစ်ပင်ဟူသည် မရှိသလောက် ဖြစ်နေသော လွင်ထီးခေါင်ပြင်ဖြစ်၍ လေတိုက်နှုန်းမှာလည်း ပြင်းထန်လှသည် ။ လက်မှ နာရီကို ငုံ့ကြည့်တော့ နေ့လည် တစ်နာရီသို့ပင် ညွှန်ပြနေသည် ။ နွေကန္တာဦးကတော့ အပူအပင်မရှိစွာ နှိုင်းမခအနားမှ မခွာချေ ။

တည်းခိုရန်အိမ်သို့ ရောက်သည့်အခါ ပင်ပန်းနေသည်များ ကြက်ပျောက်ငှက်ပျောက်ဖြင့် ပျောက်ကွယ်သွားရသည် ။ ကျယ်ဝန်းလှသော ခြံထဲတွင် အရိပ်ရအပင် အတော်များများက နေပျောက်ပင် မထိုးနိုင်လောက်အောင် စီရီစွာ ပေါက်ရောက်နေကြသည် ။ သီးပင်စားပင်ကဲ့သို့ အပင်ငယ်လေးများကိုလည်း ခြံခတ်ကာဖြင့် စိုက်ပျိုးထားသေးသည် ။

Once Upon On UsWhere stories live. Discover now