Extra

5.2K 121 5
                                    

(Unicode)

မာနလေးရဲ့ ကိုယ်ရံတော်
Extra part (အပိုင်း ၃၆)

၆လကြာသော်....

ဒူးရဲ့တစ်ဖက်တစ်ချက်ဆီတွင် တံတောင်ဆစ်တင်ထားလျက်...
ခုံတန်းပေါ်တွင် ခါးကိုင်းကာထိုင်နေသည့် ဇိုင်းက နှုတ်ခမ်းမွေးရေးရေးလေးတွေပင် ရှိနေပြီး...
ဥပဓိရုပ်ကတော့ ယခင်လို ချောမောခန့်ညားဆဲဖြစ်သည်...။
ဇိုင်းက ထိုင်နေရင်းမှ သူ့စိတ်ထဲတွင် မမေ့နိုင်ပဲ ချစ်နေဆဲဖြစ်သော အမျိုးသမီးလေး အကြောင်းကို တွေးနေခြင်းဖြစ်သည်...။
'ဒီအချိန်ဆို အစောက လက်ထပ်ပြီးလို့ အန်ဝင်နဲ့အတူ ပျော်နေရောပေါ့...
အဟင်း...ဒါက ကောင်းပါတယ်လေ...
ငါ့အတွက် အဓိက က အစောပျော်ရွှင်နေဖို့ပဲဟာ...
ဒါပေမယ့် ငါ နေ့တိုင်း ဘယ်လိုပဲ ဖြေသိမ့်နေခဲ့ပါစေ...
စိတ်ထဲကတော့ ဒုသနသောကံကို ကျူးလွန်နေတုန်းပဲ...
ငါငရဲကိုလားရမယ် ဆိုရင်တောင် ငါမကြောက်ဘူးဖြစ်နေတယ်...
အစောကို ငါ့ရင်ထဲမှာ အခုထိ စွဲစွဲလမ်းလမ်းချစ်နေသေးတယ်...'
        
     ဇိုင်း ထိုသို့တွေးနေစဉ်ပင် လေအေးတစ်ချက်ဟာ  ခပ်ကြမ်းကြမ်း ပုတ်ခတ် တိုက်ခတ်လာခဲ့ပြီး.....

"ဟင်!...ဦးထုပ်လေး တစ်လုံး ငါ့ခြေရင်းကို လွှင့်လာပါ့လား..."

ဇိုင်း နှုတ်မှ တိုးညင်းစွာ ရေရွတ်လိုက်ရင်း ထိုလွှင့်လာသည့် ဦးထုပ်လေးအား ကောက်ယူလိုက်သည်....။ဦးထုပ်လေးက အဖြူရောင်ဖဲပွင့်လေးများပါကာ ပြန့်ကျယ်၍ အဝိုက်ပါသော မိန်းကလေးဆောင်းပုံစံလေးဖြစ်သည်...။ ဇိုင်းက ထိုလွှင့်လာသည့် ဦးထုပ်လေးအား ကောက်ကိုင်ကာ ဦးထုပ်ပိုင်ရှင်အား မျက်လုံးကစားကာ လိုက်ရှာကြည့်လိုက်သည်..။ မိန်းကလေးတစ်ယောက် အဖြူရောင် ခိုငှက်တွေ မြေပြင်မှ ထပျံနေသည့်ကြားက လေအဝှေ့ကြောင့် အဖြူရောင်ပန်းပြောက် ဂါဝန်လေးမှာ တလွှင့်လွှင့်ဖြင့်...
ဖြူဥနေသည့် လက်သွယ်သွယ်လေးမှာ လွှင့်ပျံနေသာ ဆံနွယ်စတို့အား ထိန်းနေကာ တစ်စုံတစ်ခုကို အားယူကြည့်လျက် လိုက်ရှာနေပုံထောက်သည်။
ကြည့်ရတာ သည်ကောင်မလေး ငှက်တွေ အစာကျွေးနေတုန်း ခပ်ကြမ်းကြမ်းဝှေ့တိုက်လိုက်တဲ့လေကြောင့် ဆောင်းထားတဲ့ ဦးထုပ်လေးက သူထံ လွှင့်လာတာဖြစ်လိမ့်မည်...၊
ဇိုင်း ထိုဦးထုပ်လေးကို ယူ၍ သူမလေးထံ သွားပေးဖို့ပြင်လိုက်သည်...။
လေအေးတွေအတင်း တိုက်ခက်မှုကြောင့် ကျောလယ်လောက်ရှိသည့် နက်မှောင်သည့် ဆံနွယ်တွေမှာ မျက်နှာလေးကို မမြင်ရအောင် ဝေ့ဝဲလွှင့်ပျံနေရှာသည်...။အနီးသို့ ရောက်လာလေ သူမလေး၏ လက်တံခြေတံတွေ ဖွေးဥပြီး လှချင်တိုင်းလှနေသည်ကို သူမြင်ရလေဖြစ်သည်..။သူမလေးက လေတွေတိုက်ခက်မှုကို အံတုလျက် မျက်လုံးထဲ ဖုန်ဝင်မည်ကို စိုးကာ မျက်နှာလေးကို လက်လေးဖြင့်ကာထားလေပြီး ယခုတိုင် သူမမျက်နှာလေးကိုတော့ သူ မမြင်ရချေ...။
ခပ်ပြင်းပြင်း တိုက်နေသည့် လေတို့ကို လက်ခံလှုပ်ရှားရင်း ဇိုင်း သူမအနားသို့ လျှောက်သွားကာ လက်ထဲရှိ ဦးထုပ်လေးအား ကမ်းပေးလိုက်သည်..။
ထိုအခါ လက်ကွယ်ထားသည့် သူမလေးက ဦးထုပ်ကို လှမ်းမယူပဲ ကြောက်ရုပ်ပမာ တောင့်တောင့်ကြီးဖြစ်လျက် ငြိမ်ကျသွားသည်...။
ထူးဆန်းသည်..။ဦးထုပ်လေးပေးတာ သူမ ဘာဖြစ်သွားသနည်း..။
ခဏကြာတော့ သူမလေးက ရှုပ်ယှက်ခက်နေသည့် ဆံချည်မျှင်တွေကြားမှ ကွယ်ထားသည့် လက်ကလေးကို ဖယ်ကာ မျက်လုံးဝိုင်းလေးဖြင့် သူ့အားမော့ကြည့်လာသည် ။

မာနလေးရဲ့ကိုယ်ရံတော်Where stories live. Discover now