(Unicode)
မာနလေးရဲ့ ကိုယ်ရံတော် (အပိုင်း ၁၁)
အစောက ဧည့်ခန်းထဲရှိ ဆိုဖာခုံပေါ်တွင် ခြေတင်ထိုင်လျက် ခြေသည်းဆိုးနေလေသည်။ဆိုးနေသည့်အရောင်မှာ ကြက်သွေးရောင် အရောင်ရွှမ်းဖြစ်ပြီး ပန်းရောင်သန်းနေသော ခြေထိပ်လေးများကြားတွင် ဖော့ခံတပ်ဆင်ကာ မပေအောင် သေချာဂရုစိုက်လို့ဆိုးနေခြင်း ဖြစ်သည်။
တဖျတ်ဖျတ်လှုပ်ခတ်နေသည့် ကော်ဖီရောင် လှိုင်းတွန့်ဆံစတွေကို အစောက တစ်ဖက်တည်း သိမ်းချထားပြီး ပေါင်လောက်ဖုံးသည့် ခပ်ပွပွ T shirt ပန်းရောင်ကို ဂျင်းဘောင်းဘီအတိုဖြင့် တွဲဖက်ဝတ်ဆင်ထားသည်။ အိမ်နေရင်း သူမလေးရဲ့ ပုံစံက လွတ်လပ်ပေါ့ပါးကာ ချစ်စရာကောင်းနေသည်..။
"အစောလေး...ဧည့်သည်ရောက်နေပါတယ်..."ဧည့်သည်ဆိုသော ဒေါ်စိန့်စကားကြောင့် အစောမော့ကြည့်လိုက်သည်။
ဒေါ်စိန့်အနောက်တွင် ခန့်ညားသပ်ရပ်စွာ သူမအားရပ်ကြည့်နေသော အက်စ်ပီရိုကို မြင်လျှင် ခြေသည်းဆိုးခြင်းကို ချက်ချင်းရပ်လိုက်ကာ ကပျာကယာပင် မတ်တတ်ထရပ်လေသည်...။
"ဒုန်း..."ခြေချောင်းတွင်တပ်ထားသော ဖော့ခံကြောင့် ခြေခေါက်ကာ ဒူးဆစ်နှင့်စားပွဲစောင်း တိုက်မိသွားခြင်းဖြစ်ပြီး နာကြင်မှုကြောင့် အစောမျက်နှာလေးမှာ ရှုံ့မဲ့သွားခဲ့သည်...။ကံကောင်းသည်က ဒူးဆစ်တည့်တည့် မဟုတ်၍တော်သေးသည်...။
"အ...ကျွတ်...ကျွတ်"
"ဟယ်...အစောလေး!..."ဒေါ်စိန်က အစောကို စိုးရိမ်စွာ အာမေဋိတ်ထွက်လိုက်ရင်း စားပွဲစောင်းနှင့် ဒူးတိုက်မိသွားသော အစောအနားသို့ရောက်လာကာ လက်မောင်းလေးအား ဖမ်းကိုင်ပေးလိုက်သည်။
သူမ အဖြစ်ကို စိုးရိမ်ဟန်ရှိသွားသော အက်စ်ပီရိုမှာလည်း ဒေါ်စိန်နှင့်ပြိုင်တူပင် သူမအနားသို့ ရောက်သွားခဲ့သည်။
ဒူးခေါင်းလေးအား ဖိပွတ်နေသည့် သူမက ယခုရက်ပိုင်း မတော်တဆထိခိုက်မှုတွေနဲ့ အတော်တွေ့ကြုံနေရသည်။ ရည်းစားဟောင်း အကြောင်းပြု၍ ကံဆိုးနေခြင်းလားတော့ မသိ....
ယခု ခြေသည်းဆိုး၍ သနေရခြင်းကလည်း တစ်ချိန်ကရည်းစားဟောင်း၏ မင်္ဂလာပွဲကို တစ်ကိုယ်လုံးနီဆွေးသော ကြက်သွေးရောင် ဒီဇိုင်းဖြင့် တတ်ရောက် ချေမိုးရန်ဖြစ်သည်။
YOU ARE READING
မာနလေးရဲ့ကိုယ်ရံတော်
Romanceမြန်မာပြည် မိဘမဲ့ဂေဟာတစ်ခုကနေ ဂျပန်မှာမွေးစားခြင်းခံလိုက်ရတဲ့ ရှီတို (ခေါ်) ဇိုင်းခန့်က ဂျပန်နိုင်ငံ Omega မရိန်းတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး တစ်နေ့မှာ အကြောင်းမျိုးမျိုးကြောင့် မြန်မာနိုင်ငံ တိုင်းဝန်ကြီးချုပ်ရဲ့သမီး စောဧကရီနွယ်ကို ၂နှစ်...