"မောင်..."
ခေါ်လိုက်မိတဲ့ ကိုယ့်ကိုကိုယ်လဲအံ့ဩမိသလို မောင်...ဆိုတဲ့ နာမ်စားလေးမှာ ချစ်ခြင်းမေတ္တာတွေစီးဆင်းနေကြောင်းနဲ့ ကိုယ်ရင်တွေ ခုန်နေမိကြောင်း မောင်ခံစားတတ်ရင်သိမှာပါလေ...ကိုယ်လှမ်းဆွဲထားမိတဲ့ မောင့်လက်လေးအနည်းငယ်တုန်ယင်ရင်းအေးစက်နေခဲ့တာ လေအေးတွေကြောင့်ဖြစ်မှာပါလေ...
ကိုယ့်အသံကိုကြားတော့ မောင်ဟာ တဖြေးဖြေးချင်းကိုယ့်ဘက်ပြန်လှည့်လာလို့ ကိုယ့်ကိုကြည့်တယ် မောင့်မျက်လုံးဝိုင်းဝိုင်းလေးတွေဟာ မထင်မှတ်ထားမှု့ကြောင့် အံ့ဩတကြီးဖြစ်လို့ပေါ့...
"မောင်..."
လို့ကိုယ်ထပ်ခေါ်မိတော့ မောင်ဟာကိုယ့်စီပြေးလာလို့ ဖက်တယ် ပြီးတော့ အကောင်းဆုံးမွေးနေ့လက်ဆောင်အတွက် အသားယူရင်း ကျေးဇူးတင်ကြောင်းပြောတယ်။ ကိုယ်ကအပြစ်မမြင်နေတာမို့ ခက်တာပါပဲ မောင်ရယ်...
"ဘေဘီ..."
ကိုယ့်နှလုံးသွေးတွေခေတ္တခဏ အေးခဲသွားသလိုပါပဲမောင်ရယ်....
"မမကို ဘေဘီလို့ ခေါ်မယ်နော်၊ မီးက ချစ်ပြီဆိုရင် ကလေးလေးလို့ပဲမြင်တတ်တာမို့ပါ၊ အဲ့ဒါလေးပါ တစ်လက်စထဲ ဖြည့်ဆည်းပေးပါနော်..."
"စဉ်းစားဦးမယ်"
"ဟာ...မမကလဲ မစဉ်းစားပါနဲ့ မွေးနေ့ရှင်ရဲ့ဆန္ဒဆိုတာ လိုက်လျောကောင်းပါတယ်"
"သိပ်လည်နေတာနော်..ဘယ်သူသင်ပေးထားလို့လဲ"
"အချစ်ကသင်ပေးတာ၊ မမက သင်ပေးတာပေါ့"
"မှတ်မိသလောက်ကတော့ ကျောင်းစာပဲသင်ပေးမိတာပါနော် တခြားဘာမှမသင်ပေးမိပါဘူး"
"ကျောင်းစာအပြင် မီးကိုချစ်တတ်လာအောင်ရော အခုလိုစကားတွေတတ်လာအောင်ရော သင်ပေးတာပါနော်၊ ဟိုသီချင်းထဲကလို မီးကအချစ်ကျောင်းသူလေးပေါ့၊ မမ တစ်ဦးတည်းရဲ့လေ..." မနိုင်သလို ပြုံးမိတော့ မောင်ကပါ လိုက်ပြုံးတယ်။
"ဘေဘီ...ဘေဘီကို မောင်သိပ်ချစ်တယ်"
ရှက်ရွံ့စွာနဲ့ ကိုယ်ခေါင်းငုံမိတော့ မောင်ဟာ ကိုယ့်ကိုသူ့ရင်ခွင်ထဲဆွဲသွင်းပါတယ်၊ ကိုယ့်ထပ်ခေါင်းတစ်လုံးစာလောက်နိမ့်တဲ့မောင့်ကြောင့် မောင့်ပုခုံးပေါ်ကိုမှီရင်း ကိုယ်ပြုံးနေခဲ့ပါတယ်မောင်...ချစ်ခြင်းမေတ္တာတွေဟာ ထူးဆန်းစွာနဲ့ပဲ ကိုယ်နှလုံးသားထဲကို တစ်ငြိမ့်ငြိမ့်စီးဆင်းနေခဲ့ပါတယ်။
YOU ARE READING
Romanceဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ ဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ (Own Creation) S...