သူငယ်ချင်းကိုတစ်ယောက်ထဲမဖြစ်စေချင်လို့ဆိုကာ ကိုယ့်ကိုတစ်ယောက်ထဲထားသွားတဲ့မောင်က နှစ်လကျော်ကြာတဲ့အထိအဆက်အသွယ်မလုပ်ခဲ့ပါဘူး။ မောင်မရှိပေမဲ့ မောင့်အငွေ့အသက်တွေနဲ့ မောင့်ပုံရိပ်တွေနေရာအနှံ့မှာပြည့်နေတဲ့အိမ်မှာအချိန်ပြည့်ရှိမနေချင်တာမို့ မောင်အိမ်ပြန်သွားတဲ့ တစ်ပတ်အတွင်းအလုပ်ရှာခဲ့သည်။
ဂျပန်စကားပြောကို အရမ်းမကျွမ်းသေးတာမို့ အချိန်ပိုင်းအလုပ်တစ်ခုရှာတော့ ကိုယ်နဲ့ရဝေနဲ့ စာလုပ်နေကျကော်ဖီဆိုင်မှာအလုပ်ရခဲ့သည်။ အစကတော့အချိန်ပိုင်းပဲလုပ်မလို့တွေးထားပေမဲ့ မောင်မရှိတဲ့အိမ်ကို ညအိပ်ရုံသပ်သပ်သာနေချင်တာမို့ တစ်နေကုန်ဆိုင်ပဲလုပ်ဖြစ်ခဲ့သည်။ ဆိုင်ရှင်အကိုက မြန်မာလူမျိုးဖြစ်တဲ့အပြင်ကိုယ်နဲ့လဲ အတော်ကိုခင်နေသလိုဖြစ်နေတာမို့ အလုပ်ကိစ္စကအဆင်ပြေခဲ့ပါသည်။ ဒီကိုရောက်ပြီးကထဲက ပထမဆုံးရတဲ့အလုပ်မို့ပျော်တာကြောင့် မောင့်ကိုပြောပြချင်ပေမဲ့ မောင်အဆင်မပြေမှာစိုးတာကြောင့် အွန်လိုင်းကနေတောင်စာမပို့ဖြစ်ခဲ့ပါ။ သတိမရဘူးလားလို့မေးရင် အချိန်တိုင်းသတိရတာပေါ့လို့ကိုယ်ဖြေမိမှာပါ။ သို့ပေမဲ့ ကိုယ့်ကြောင့်ကိုယ်ချစ်ရတဲ့လူကို အဆင်မပြေတာမျိုး၊ စိတ်ညစ်ရမှာမျိုးမဖြစ်စေချင်တာမို့ လွမ်းသမျှတွေကို ညမအိပ်ခင် ဒိုင်ယာရီစာအုပ်လေးထဲပဲ ချရေးဖြစ်ခဲ့သည်။
ကျန်တဲ့အချိန်တွေမှာ မောင့်ကိုမဆက်သွယ်မိအောင်စိတ်ထိန်းနိုင်ပေမဲ့ မိန်းကလေးသဘာဝ ရာသီကြောင့်ဗိုက်အောင့်တတ်တဲ့ရက်မျိုးမှာတော့ မောင့်ကိုအနားမှာရှိစေချင်မိသည်။ မောင့်စီကအဆက်အသွယ်လုပ်တာကို လိုချင်မိခဲ့သည်။ ဗိုက်ကအရမ်းအောင့်နေတာမျိုးမဟုတ်ပေမဲ့ အဲ့လိုအချိန်ဆို အစားအသောက်ပျက်တဲ့အပြင် ညဘက်ကအစ ကောင်းကောင်းအိပ်မပျော်ဘဲ အိပ်ပျော်လိုက်၊ နှိုးလိုက်နဲ့မိုးလင်းတတ်တာကကိုယ့်ရဲ့ မကောင်းတဲ့အကျင့်လိုဖြစ်နေတာမို့ အိပ်မပျော်တာရော မောင့်ကိုလွမ်းတာပါပေါင်းကာ ငိုချင်စိတ်ပါဖြစ်လာခဲ့သည်။ ဒီလိုအချိန်မောင်သာအနားရှိရင် ချွဲ့နွဲ့ချင်တာမို့ အနားမှာလဲပိုရှိစေချင်ခဲ့သည်။ ထိုနေ့ညကပထမဆုံးပါပဲ၊ အဆက်အသွယ်ဖြတ်ထားတဲ့မောင့်စီကို တစ်လအကြာမှာစာစပို့မိခဲ့ပါသည်။ Messenger ဖွင့်ကြည့်မိတော့ ညဆယ့်တစ်နာရီအချိန်မှာ မီးစိမ်းနေတဲ့မောင့်အကောင့်လေးကိုတွေ့တာနဲ့ စာပို့လိုက်မိသည်။
YOU ARE READING
Romanceဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ ဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ (Own Creation) S...