Ep 37(Uni + Zawgyi)

129 6 0
                                    

ထို့နေ့ညမှစ တစ်လနီးပါးကြာအထိ မောင်ကပြန်မလာခဲ့ပါဘူး။ မောင်မရှိတဲ့အိမ်မှာ နေသားကျနေတာမျိုးမဟုတ်ပေမဲ့ တစ်ယောက်ထဲမဖြစ်မနေဖြတ်သန်းရတဲ့အခါမှာလဲ အဆင်ပြေသလိုနေရတာပါပဲ။ မောင်မရှိတဲ့လစ်ဟာမှု့ကိုမသိတဲ့ အချိန်ဆိုတာကတော့ သူ့တာဝန်သူယူကာ ရွေ့လျားနေခဲ့ပါတယ်။

တစ်ရက်သော နေ့လည်ခင်းမှာတော့ ဆိုင်ကိုထင်လင်းပိုင်ရောက်လာသည်။ အရင်ရက်တုန်းကတော့ တစ်ခါတစ်လေ ပါဆယ်ဝယ်သွားတတ်ပေမဲ့ အခုရက်ပိုင်းကစလို့ ဆိုင်မှာသာ ကော်ဖီလာသောက်တာမို့ အရင်နေ့တွေကအတိုင်း ပြုံးပြလိုက်ရင်း သောက်နေကျအတိုင်းပဲလားမေးလိုက်တယ်။ သူက ခေါင်းငြိမ့်ကာ

"ဟုတ်" ဟုဆိုလာတဲ့အခါ ခဏစောင့်ဖို့ပြောရင်း ဆိုင်ဝင်ပေါက်ကိုကျောပေးကာ ကော်ဖီဖျော်နေလိုက်သည်။ ကော်ဖီရတာနဲ့ သူထိုင်နေတဲ့ စားပွဲစီသွားချပေးရင်းပြန်အလှည့် မမျှော်လင့်ထားတဲ့လူက ဆိုင်ထဲကိုဝင်လာခဲ့ပါသည်။

လွမ်းနေခဲ့ရတဲ့မျက်နှာနုနုလေးက ဘာကြောင့်အရင်ကနဲ့မတူ ညိုးနွမ်းနေမှန်း ကိုယ်မခန့်မှန်းတတ်ခဲ့ပါဘူး။ မောင်နဲ့ပတ်သက်ရင် ဘယ်လောက်ပဲဝေးဝေးစိတ်ချင်းနီးနေသလိုခံစားရခြင်းတွေက ဘယ်အချိန်ကထဲက မခံစားရတော့တာလဲဆိုတာကိုလဲ ကိုယ်သေချာမသိတော့ပါ။

မောင်ကကိုယ့်ကိုတစ်ချက်တောင်မကြည့်ဘဲ ကိုယ့်ဘေးနားကဖြတ်သွားကာ ထင်လင်းပိုင်ထိုင်နေတဲ့ စားပွဲဝိုင်းကိုဝင်ထိုင်ပါသည်။ ကိုယ်ချစ်ရတဲ့လူက ကိုယ့်ကိုအကောင်အထည်မမြင်ရတဲ့ ဝိဉာဉ်လိုသတ်မှတ်ခံလိုက်ရခြင်းအပေါ်စိတ်မကောင်းမဖြစ်ရလေအောင် ကော်ဖီသယ်လာခဲ့တဲ့ဗန်းအဝိုင်းလေးကိုသာ တင်းတင်းပိုက်ထားမိခဲ့သည်။

"ဘာများမှာပါမလဲ" ဆိုတဲ့ ကိုယ့်အမေးကိုမဖြေဘဲ ဘေးနားကဖြတ်သွားတဲ့ ဆိုင်မှာကိုယ်နဲ့အလုပ်တူတူလုပ်တဲ့ ညီမလေးတစ်ယောက်ကိုသာလှမ်းခေါ်ကာ နာနတ်သီးဖျော်ရည်တစ်ခွက်မှာပါသည်။ ထိုညီမလေးမှာ ကိုယ်ရှိနေရဲ့သားနဲ့သူ့ကိုလှမ်းခေါ်ကာ မှာတာမို့ ကိုယ့်ကိုကြည့်နေတာကြောင့် ပြုံးကာခေါင်းငြိမ့်ပြလိုက်ရသည်။ စိတ်ကောက်နေသလိုမောင့်အပြုအမူလေးက တစ်ခြားလူတွေအမြင်မှာ ကလေးဆန်ကောင်းဆန်နေနိုင်ပေမဲ့ ကိုယ့်မျက်လုံးထဲမှာတော့ သိပ်ချစ်စရာကောင်းလွန်းနေပါသည်။

သိပ်ချစ်ရတဲ့ အမုန်းဆုံးလူသားလေး မောင်(သိပ္ခ်စ္ရတဲ့ အမုန်းဆုံးလူသားလေး မောင်)Where stories live. Discover now