ဒီနေ့မှာကျရောက်မဲ့ မောင့်အသက် တစ်ဆယ့်ခုနှစ်နှစ်ပြည့်မွေးနေ့ကို ပထမဆုံးအနေနဲ့ ပြင်ဆင်ရမှာမို့ စိတ်လှုပ်ရှားနေမိသည်။ မောင်အလုပ်သွားကထဲက ညနေအိမ်ကိုပဲစောစောပြန်လာခဲ့ဖို့မှာလိုက်သည်။ မောင်အလုပ်ကပြန်လာတာနဲ့ အံ့ဩပြီးပျော်ရွှင်ရမဲ့ခံစားချက်ကိုပေးချင်တာကြောင့် အလုပ်ရှုပ်နေပါသည်။ ရဝေ့ကိုမေးထားတဲ့အတိုင်း အနီးအနားက super market တစ်ခုကိုသွားကာ လိုအပ်တာဝယ်ခဲ့သည်။ အပြန် ကိတ်မုန့်ဆိုင်ကိုဝင်ကာ ချောကလက်ရော၊ ချိစ်ရောမကြိုက်တဲ့သူအတွက် ဒိန်ချဉ်အရသာကိတ်ကိုသာ ဝယ်ခဲ့လိုက်သည်။ ကိတ်ပေါ်ကစာကိုတော့ ကိုယ်လိုချင်သလိုရေးပေးတဲ့အပြင် ကိတ်မုန့်ဆိုင်က ညီမလေးက English လိုပြောတတ်တာမို့ ဂျပန်စကားကိုသင်နေပေမဲ့ မကျွမ်းသေးတဲ့ကိုယ့်အတွက်အဆင်ပြေခဲ့သည်။
အိမ်ပြန်ရောက်တာနဲ့ မောင့်မွေးနေ့မှာ မြန်မာထမင်းဟင်းကိုအရသာရှိရှိလေးစားရအောင်ပြင်ဆင်မိသည်။ ကြက်ကြော်ကြိုက်တတ်တဲ့မောင့်အတွက် အသားငါးကြော်ရင် ဆီစင်မှာစိုး၍ မီးဖိုခန်း မဝင်ရဲသော မိန်းမက ချစ်ရသူအတွက်ဆိုတဲ့စိတ်နဲ့ အသားနာမှာကြောက်တဲ့စိတ်ကိုကျော်ဖြတ်ခဲ့ပါသည်။ ဆီစင်တဲ့အမှတ်အသား အပူဖုတွေကတော့ လက်နှစ်ဖက်အပြင် အသားပေါ်နေတဲ့ ခန္ဓာကိုယ်နေရာတချို့မှာပါ သေချာနေရာယူလို့ပေါ့... ကြက်ကြော်ကြော်ပြီးတာနဲ့ ရယ်ဒီမိတ်အထုပ်နှင့် အရည်သောက်ချဉ်စပ်ဟင်းရည်တစ်ခွက်ချက်လိုက်သည်။ အသီးအရွက်မကြိုက်မှန်းသိပေမဲ့လဲ မောင့်ကျန်းမာရေးအတွက်မို့ ချော့မော့ကာကြွေးဖို့အတွက် ထမင်းဝိုင်းမှာမပါမဖြစ် အရွက်သုတ်တစ်မျိုးပါအပါ စီစဉ်ခဲ့သည်။ Candle light dinner လိုမခမ်းနားပေမဲ့ မောင်ကြိုက်နှစ်သက်ဖို့တော့မျှော်လင့်မိပါတော့အမှန်ပါ။ ချက်ပြုတ်ပေးထားတဲ့ကိုယ့်မေတ္တာတွေကို ခံစားနိုင်ဖို့ရောပါပဲ...
အစားအသောက်ပြင်ဆင်ပြီးသွားကာမှ ပူဖောင်းတွေကိုမှုတ်ကာ အလှဆင်ရပြန်သည်။ မောင်ကြိုက်တဲ့ အစိမ်းရောင်နဲ့ကိုယ်ကြိုက်တဲ့ ခရမ်းရောင်ကို ပူးကာ အတွဲလိုက်လေးတွေပေါ့.... ပူဖောင်းတွေကို တစ်ယောက်ထဲနဲ့ အများကြီးလဲ မမှုတ်နိုင်သလို များနေရင်လဲ မောင်စိတ်ရှုပ်မည်စိုးတာကြောင့် ဆယ်လုံးလောက်ပဲပြင်ဆင်လိုက်သည်။ ထို့နောက်မောင့်ကိုပေးမဲ့လက်ဆောင်ဘူးကိုထုတ်ကာ အခန်းထဲကစားပွဲပေါ်မှာတင်ကာ ပြန်ကြည့်ရင်း လက်ဆောင်လေးကို စစီစဉ်ကထဲက ကိုယ်ထည့်ထားတဲ့စိတ်လေးနဲ့ရည်ရွယ်ချက်ကို တွေးမိတော့ ရှက်ရင်းပြုံးရပြန်သည်။ မောင်အိပ်ပျော်နေတာကြောင့် မနှိုးချင်တာနဲ့ပဲ ဂျပန်နိုင်ငံစံတော်ချိန်ရဲ့ မနက်၁၂နာရီတိတိမှာ စိတ်ထဲကနေပဲပြောလိုက်ရသော မွေးနေ့ဆုတောင်းစာလေးကို မြန်မာနိုင်ငံမှာကတည်းက ကိုယ်ပြင်ဆင်ခဲ့တဲ့ လက်ဆောင်လေးနဲ့တူတူပေးမည် ဟုတွေးကာစိတ်ကူးယဉ်ရင်း ပျော်နေမိသည်။ လက်ဆောင်ကိုရော၊ စာလေးကိုပါ ကိုယ်ပြင်ဆင်ပေးထားတဲ့ မောင့်အတွက် မွေးနေ့ညစာကိုစားရင်းနဲ့မှပေးဖို့စဉ်းစားထားတာဖြစ်သည်။ မောင့်အတွက်ဆုတောင်းစကားရေးပေးထားတဲ့စာရွက်က တစ်ခုခုကိုစိတ်တိုင်းမကျတိုင်း တစ်ရွက်ပြီးတစ်ရွက်လွှင့်ပစ်လိုက်၊ ပြန်ရေးလိုက်နဲ့ပါပဲ။ မောင့်လိုလက်ရေးဝိုင်းဝိုင်းလှလှလေးမဟုတ်တာမို့ သပ်ရပ်အောင်ပဲရေးရင်း နောက်ဆုံးစိတ်တိုင်းကျပြီးဆိုမှ အပြင်သွားတုန်းကဝယ်လာတဲ့ စာအိတ်လှလှလေးထဲထည့်ကာ မောင့်ကုတင်နဲ့နီးတဲ့ စားပွဲလေးပေါ်တင်ကာ လက်ဆောင်ဘူးအောက်ဖိထားလိုက်သည်။
YOU ARE READING
Romanceဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ ဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ (Own Creation) S...