Book 30 Chapter 412

52 6 0
                                    

Uni

ချင်းရွှမ်လမ်းစဉ် ဆရာသခင် (စာစဉ် - ၃၀)

အခန်း (၄၁၂) မိုးမြေသင်္ကေတ

ချန်ကျင်းချင်တစ်ယောက်ကတော့ နတ်ဘုရားနှစ်ပါး ပညာပြိုင်သည့်ပွဲတွင် ကြားညပ်နေရသည့် သူ့အဖြစ်ကိုသူ မသိရှာပေ။

"ရေလေးတစ်အိုးက မိုးသုံးပေသုံးလက်မ ရွာဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ချန်ကျင်းချင်က ရေရွတ်လိုက်သည်။

ဆန်းလျန်သည် မြစ်ကမ်းနံဘေးမှ ဖြည်းဖြည်းချင်းလမ်းလျှောက်လာလေသည်။ သူက အခိုးအငွေ့တစ်ခုအလား ချန်ကျင်းချင်ရှေ့တွင် ရပ်နေလေသည်။ ထိုအခါမှ ချန်ကျင်းချင်သည် ဆန်းလျန်၏ ၀တ်ရုံအောက်မှ အသားများမရှိဘဲ အရိုးများသာထွက်ပေါ်နေသည့် ညာဘက်လက်ကို သတိပြုလိုက်မိသည်။

ဆန်းလျန်၏ တောက်ပသည့်မျက်၀န်း ၊ ချောမောလှပသည့်မျက်နှာ ၊ ကြည်လင်သည့်အသားအရေများနှင့် နှိုင်းယှဉ်လျှင် ထိုလက်မှာ အလွန်မှ အကျည်းတန်အရုပ်ဆိုးလှလေသည်။

သို့သော် ချန်ကျင်းချင်က စပ်စုမေးမြန်းခြင်း အလျဉ်းမရှိပါ။

"ကျုပ်က ဟုတ်တယ်လို့ပြောရင် ဟုတ်လို့ပဲပေါ့ ၊ မဖြစ်နိုင်ဘူးဆိုရင်တောင်မှ ကျုပ်ပြောရင် ဖြစ်နိုင်ရမှာပဲ"

ဆန်းလျန်က ပြောလိုက်သည်။

ဆန်းလျန်က စကားကို ပေါ့ပေါ့ပါးပါးပင် ပြောလိုက်ခြင်း ဖြစ်သော်လည်း သူ၏စကားကို လောကတစ်ခွင်ရှိ နတ်ဘုရားများနှင့် နတ်မိစ္ဆာများပင် မလွန်ဆန်ဝံ့လောက်အောင် သြဇာအာဏာနှင့် ပြည့်ဝလေသည်။

ချန်ကျင်းချင်၏ စိတ်ထဲတွင် ကောင်းချီးမင်္ဂလာများကို ခံစားလိုက်ရလေသည်။

"ဆရာ ၊ ကျွန်တော့်ကို ကူညီပါ ၊ ကျွန်တော် ဆရာ့စကားကိုနားထောင်ပါ့မယ်"

ဆန်းလျန်က ချန်ကျင်းချင်ကိုကြည့်ပြီးပြုံးလိုက်သည်။

"မင်းက ကျုပ်ကို ဘာလို့ဆရာလို့ခေါ်ရတာလဲ"

ချန်ကျင်းချင်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"ဆရာက ကျွန်တော့်ကို နဂါးငါးလည်း လက်ဆောင်ပေးတယ် ၊ ပြီးတော့ မနေ့ကလည်း အသက်ရှူကျင့်စဉ် သင်ပြပေးသေးတယ် ၊ ကျွန်တော်စဉ်းစားမိတာက ကျွန်တော်တို့ တစ်ခါမှလည်း သိကျွမ်းဖူးတာမဟုတ်ဘဲ ဆရာ ကျွန်တော့်အပေါ် ကောင်းကောင်းဆက်ဆံနေတာဟာ အကြောင်းရှိလို့ပဲဖြစ်ရမယ်လို့ပေါ့"

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Where stories live. Discover now