Book 36 Chapter 495

27 2 0
                                    

Uni

အခန်း (၄၉၅) တာ့ရှားသင်္ချိုင်း

အမတ်မင်းများမှာ တာ့ရှားဧကရာဇ် ကိုယ်တိုင် စစ်ချီလိမ့်မည်ဟု မည်သူမှ တွေးမထားမိကြပေ။

ယခုဆိုလျှင် တိချိုးမြို့တော်တွင် ရွှမ်ကျန်း ဆရာသခင် ခုနစ်ပါးထက်ပင် တန်ခိုးစွမ်းအား မြင့်မားသည့် ကျင့်ကြံသူ တစ်ယောက် ရောက်ရှိ နေလေသည်။ ထိုသူမည်သူ ဖြစ်သည်ကို မဖော်ထုတ် နိုင်ခင် အချိန်တွင် တာ့ရှားဧကရာဇ်က တိုင်းပြည်မှ ထွက်ခွာကာ စစ်ချီမည်ဆိုလျှင် ဒုက္ခတွေ့နိုင်မည် ဖြစ်လေသည်။

ထို့ပြင် ရှားထိုက် အကျဉ်းထောင်တွင် အကျဉ်းချ ခံထားရသည့် ထျန်းယီကလည်း ရှိနေသေးသည်။

ဤသည်မှာ အနာဂတ်တွင် ပြဿနာ တစ်ခုခု ဖြစ်တော့မည့် အရိပ်အယောင်ပင် ဖြစ်လေသည်။ တာ့ရှားဧကရာဇ်သာ နည်းနည်းလောက်ပိုပြီး ပညာရှိနိုင်လျှင် ထိုကဲ့သို့သော မိုက်ရူးရဲဆန်သည့် အလုပ်များကို ပြုလုပ်လိမ့်မည် မဟုတ်ပေ။

တာ့ရှားဧကရာဇ်က အမတ်မင်းများကို တစ်ချက် ကြည့်လိုက်ပြီး ရယ်မော လိုက်လေသည်။

"မောင်မင်းတို့တွေ ဘာတွေစဉ်းစားနေလဲဆိုတာ ငါကိုယ်တော်သိတယ်၊ ဒါပေမဲ့ ယိုးရှီဒေသကို စစ်ချီမယ့် ကိစ္စကို နောက်နှစ်ဝက်လောက်နေမှ ရက်သတ်မှတ်မှာပါ"

ထိုစကားကိုကြားတော့မှ အမတ်မင်းများမှာ စိတ်သက်သာရာ ရသွားကြလေသည်။

ထို့ပြင် တာ့ရှား ဧကရာဇ်ကိုယ်တိုင် ယိုးရှီသို့စစ်ချီ ရလောက်အောင် ယိုးရှီဒေသသည် မည်သည့် အပြစ်များ လုပ်ခဲ့လေသနည်းဟု စဉ်းစားနေကြသူများလည်း ရှိလေသည်။

အကယ်၍ တာ့ရှားဧကရာဇ် စစ်ချီမည့် သတင်းကို ယိုးရှီဒေသမှ သတင်းရရှိသွားလျှင် သူတို့သည့် အမြန် လက်နက်ချပြီး တာ့ရှားဧကရာဇ်ကို တောင်းပန်မည် ဆိုလျှင်တော့ စစ်ဘေးဒုက္ခမှ ကင်းလွတ်ကောင် ကင်းလွတ် နိုင်လေသည်။

တာ့ရှားဧကရာဇ် ဝမ်ချန်နန်းတော်တွင် အစည်းအဝေး ထိုင်နေစဉ်တွင်....

ဆန်းလျန်ကတော့ တိချိုးမြို့ထဲတွင် လျှောက်သွား နေလေသည်။ နေ့လယ် နေ့ခင်းပိုင်း ဖြစ်သည့်အတွက် ရှားတူးမြောင်း ပတ်ဝန်းကျင်တွင် လူများ ထူတပ်စည်ကားလျက် ရှိလေသည်။

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Where stories live. Discover now