Book 31 Chapter 428

54 4 0
                                    

Uni

ချင်းရွှမ်လမ်းစဉ် ဆရာသခင် (စာစဉ် - ၃၁)

အခန်း (၄၂၈) အနက်ရောင်တိမ်တိုက်များဖြင့်ပြည့်နေသည့်မိုးကောင်းကင်

ကောင်းကင်ထက်တွင် လှေငယ်တစ်စင်းသည် အလွန်လျှင်မြန်သည့် အရှိန်ဖြင့် ပျံသန်းနေလေသည်။

ထိုလှေငယ်ထက်တွင်တော့ ဟွမ်ကျန်းနှင့် ချင်းယင်းရှိနေလေသည်။

ရုတ်တရက်…

ကောင်းကင်တစ်ခုလုံး အနက်ရောင်တိမ်တိုက်များဖြင့် ဖုံးလွှမ်းသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လောကဓာတ်တစ်ခုလုံးသည် အမှောင်ထဲသို့ ပစ်ချခံလိုက်ရသကဲ့သို့ ထင်မှတ်ရလေသည်။

တစ်ချိန်တည်းမှာပင် မိုးများကလည်း သည်းထန်စွာ ရွာသွန်းလာတော့သည်။

ဟွမ်ကျန်းကဲ့သို့သော အဆင့်မြင့်ကျင့်ကြံသူသည် မိုးနှင့်လေကို မည်သို့ ကြောက်ရွံ့ပါမည်နည်း။ သို့သော် အနက်ရောင်တိမ်တိုက်များကို မြင်တွေ့လိုက်ရသည်နှင့် ဟွမ်ကျန်းမှာ မျက်နှာတစ်ချက် ပျက်သွားရလေသည်။

ချင်းယင်း၏စိတ်ထဲတွင်လည်း ကြောက်ရွံ့တုန်လှုပ်မှုကို စတင်ခံစားလာရလေသည်။

"လေနဲ့မိုးကိုဆင့်ခေါ်ခြင်း"

ဟွမ်ကျန်းသည် အက်ရှသည့်အသံများဖြင့် ရေရွတ်လိုက်သည်။

ကျင့်ကြံသူတစ်ယောက်သည် လေနှင့်မိုးကိုဆင့်ခေါ်မည်ဆိုလျှင် ချောင့်တုန့်အဆင့်တော့ အနည်းဆုံး ရှိရမည် ဖြစ်လေသည်။ ထို့ပြင် လေနှင့်မိုးကို ဆင့်ခေါ်သည့် ဂါထာမန္တန်များကိုလည်း အသုံးပြုနိုင်သူ ဖြစ်ရဦးမည်။ တန်ခိုးစွမ်းအားနှင့် အသက်ဓာတ်စွမ်းအားကို ဂါထာမန္တန်များနှင့်ပေါင်းစပ်ပြီးမှသာ လေနှင့်မိုးကိုဆင့်ခေါ်နိုင်မည် ဖြစ်လေသည်။

သို့သော် ဟွမ်ကျန်းရေရွတ်လိုက်သည့် "လေနှင့်မိုးကိုဆင့်ခေါ်ခြင်း" ဆိုသည့်စကားကတော့ အဓိပ္ပါယ်များစွာ ကွဲပြားသည်။

ချင်းရွှမ်နတ်တံခါးတွင် အဓိကတာအိုကျင့်စဉ်ပေါင်း တစ်ရာ့ရှစ်ခုရှိလေသည်။ ထိုတစ်ရာ့ရှစ်မျိုးသော ကျင့်စဉ်များအားလုံးသည် ထျန်းကန်းပုံပြောင်းပညာသုံးဆယ့်ခြောက်မျိုးနှင့် တိရှားပုံပြောင်းပညာခုနစ်ဆယ့်နှစ်မျိုးမှ ကင်းလွတ်သည်ဟူ၍ မရှိပေ။ ထိုပုံပြောင်းပညာနှစ်မျိုးလုံးသည် သဘာဝဘေးအန္တရယ်များနှင့် သဘာ၀တရားကို လိုက်လျောညီထွေဖြစ်စေကာ ထိန်းချုပ်နိုင်စွမ်းလည်း ရှိလေသည်။

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Tempat cerita menjadi hidup. Temukan sekarang