Unicode Version
နေထွက်ပြီးနောက် ကောင်းကင်ပြင်တွင် အလင်းရောင်ထိန်ထိန်လင်းချိန်ရောက်မှ ရွှယ်ရှင်းလော့ အိပ်ရာနိုးလာသည်။ ရွှယ်ရှင်းလော့ အိမ်ရှေ့ခန်းသို့ ထွက်လာ၏။ အိမ်ရှေ့ခန်းရောက်သောအခါ စားပွဲခုံပေါ်သို့ လက်ထောက်ကာ ငိုက်မှေးနေသော ရွှမ်မင်ကို တွေ့လိုက်ရလေသည်။ ရွှယ်ရှင်းလော့ ခွီးခနဲ ရယ်လိုက်မိ၏။ ထို့ကြောင့် ရွှမ်မင် နိုးသွားလေသည်။
ရွှယ်ရှင်းလော့ ရွှမ်မင်နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ကာမေးသည်။"ညတုန်းက မအိပ်ရသေးဘူးမလား"
ရွှယ်ရှင်းလော့ ဆက်ပြော၏။
"ပုံမှန်ဖြစ်နေကျလို့ ပြောသားပဲ"
ရွှမ်မင်က တစ်ညလုံး အချိန်ပေးကာ ပွဲကြည့်ပရိတ်သတ်လုပ်လိုက်ရသည်ကို စိတ်ပျက်ပုံမပြပေ။ သို့သော် မည်သို့ဟန်ဆောင်သည်ဖြစ်စေ ညိုနေသော မျက်ကွင်းများက အဖြစ်မှန်ကို ကွက်ကွက်ကွင်းကွင်းပြောပြနေ၏။ မနက်ခင်းတွင် ပြင်ဆင်စရာရှိသည်များအားလုံး ပြင်ဆင်ပြီးနောက် ရွှယ်ရှင်းလော့နှင့်ရွှမ်မင်သည် ယွဲ့နန်မြို့ထဲရှိ ရွှယ်ရှင်းလော့၏ စာအုပ်အရောင်းဆိုင်သို့ ထွက်ခွာလာခဲ့ကြလေသည်။
ရွှယ်ရှင်းလော့က ရွှမ်မင်ကို စာအုပ်ဆိုင်ပိုင်ရှင်နှင့် မိတ်ဆက်ပေးသည်။ စာအုပ်ဆိုင်ပိုင်ရှင်သည် ရွှယ်ရှင်းလော့က အကြံပေးသည်ကို လက်ခံပြီး ရွှမ်မင်ကို အလုပ်ခန့်လိုက်သည်။ ရွှယ်ရှင်းလော့ပေးသော အကြံဉာဏ်ကို လက်ခံလိုက်ခြင်းက စာအုပ်ဆိုင်ပိုင်ရှင်အတွက် အမြတ်ထွက်ရန်အခွင့်အလမ်းဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော ရွှမ်မင် ပထမဆုံးအလုပ်ဆင်းသည့်နေ့၌ပင် စာအုပ်ရောင်းအား သိသိသာသာတက်လာသောကြောင့် ဖြစ်လေသည်။ ဝယ်သူများမှာ ယွဲ့နန်မြို့မှ မိန်းမပျိုလေးများဖြစ်နေသည်ကိုတော့ သံသယဖြစ်စရာမလိုပါ။
ဤသို့ဖြင့် တစ်လဟူသောအချိန် ကုန်လွန်သွား၏။ ရွှယ်ရှင်းလော့ ရွှမ်မင်သည် စာအုပ်အရောင်းဆိုင်တွင် စာအုပ်များအကြောင်းမှလွဲ၍ စကားများများစားစား မပြောဖြစ်ကြသေးချေ။ ရွှမ်မင်က ရွှယ်ရှင်းလော့ထံမှ စာအုပ်အရောင်းဆိုင်နှင့်ပတ်သတ်ပြီး ဝီရိယရှိရှိသင်ယူသည်။ ထို့ကြောင့် စာအုပ်များနှင့်ပတ်သတ်ပြီး ပိုမိုကျွမ်းကျင်လာသည်။ တစ်ခါတရံ ရွှယ်ရှင်းလော့သည် စာအုပ်စင်များအကြားတွင်ရပ်ကာ စာအုပ်များကိုစစ်ဆေးနေသည့် ရွှမ်မင်ကိုမြင်လျှင် ဆရာ့ကို သတိရမိလေသည်။ ဆရာက မိမိကိုဖော်ပြုကာ စာအုပ်ဖတ်ပေးသည့်ကာလကိုလည်း သတိရသည်။ ဆရာက မိမိကို လေ့ကျင့်ရန် တွန်းအားပေးသည့်အသံကို သတိရသည်။ သို့သော် ဆရာသည် မည်သည့်အချိန်တွင်မဆို မိမိမလုပ်ချင်သည့်အရာကို အတင်းအကြပ် တွန်းအားပေးခြင်းမပြုခဲ့ချေ။ ထိုအရာအပေါ်တွင် စိတ်ဝင်စားလာအောင် နည်းမျိုးစုံဖြင့်ဆွဲဆောင်တတ်သေး၏။ ထို့ကြောင့် ဆရာနှင့်အတူဖြတ်သန်းခဲ့သောနေ့ရက်များက တစ်နေ့တစ်မျိုး ရိုးရသည်မရှိခဲ့။
VOUS LISEZ
THE PROMISE OF A THOUSAND WISTERIA
FantasyUnicode Version ရှင်းလော့သည် ကောင်းကင်ဘုံ၏အပြစ်ဒဏ်သင့်ကာ လူ့ပြည်တွင် ပုန်းခိုနေရသော နတ်ဘုရားတစ်ပါးဖြစ်သည်။ တစ်နေ့တွင် ရှင်းလော့သည် ဒဏ်ရာရကာ ဒုက္ခတွေ့နေသည့် မိစ္ဆာဖမ်းသူရွှမ်မင်နှင့်တွေ့ဆုံကာ ကယ်ထားခဲ့သည်။ ထိုချိန်က ရှင်းလော့သည် ကောင်းကင်ဘုံကြောင့် ဆ...