ပဏာမ |Unicode+Zawgyi|

316 15 0
                                        

Unicode Version

ကောင်းကင်ဘုံ၊ လူ့လောကနှင့် မိစ္ဆာနယ်နိမိတ်တို့ ထိစပ်ရာနယ်မြေတွင် အနန္တတောင်တန်းကြီးနှင့် အသူတစ်ရာချောက်နက် တည်ရှိသည်ဟု ပြောစမှတ်ရှိသည်။ အနန္တတောင်တန်းသည် လူသာမာန်တို့အသက်ရှင်ရန် လုံးဝမဖြစ်နိုင်သော အလွန်ပါးလွှာသည့် လေထုဖြင့် ခြုံလွှမ်းထား၏။ အသူတစ်ရာချောက်နက်တွင် လူသာမန်တို့အဖို့ အလွန်တရာအေးစက်ပြီး မျက်စိတစ်မှိတ်အတွင်း ကိုယ်တွင်းအရည်များအားလုံး အေးခဲသွားနိုင်သည့် အအေးဓာတ်ကြီးစိုးနေသည်။ ၎င်းကပ်ဆိုးနယ်နိမိတ်၂ခု အစွန်း၂ဘက်တွင် ကောင်းကင်မြို့တော်နှင့် မိစ္ဆာမြို့တော် တည်ရှိနေသည်။ လောကသုံးပါးနယ်ခြားစည်းသည် လူ့ပြည်အချိန်စီးဆင်းမှုအတိုင်း အချိန်ကုန်ဆုံး၏။ လူသားများ မဆိုထားနှင့် နတ်ဘုရားများနှင့် မိစ္ဆာများသည်ပင် လောကသုံးပါးနယ်ခြားစည်းနယ်နိမိတ်သို့ ခြေချရန် ငြင်းဆန်ကြသည်။ ထိုနယ်မြေသည်၏ လျှို့ဝှက်ဆန်းကြယ်မှုများကား ဖော်ထုတ်၍မကုန်နိုင်အောင် နက်နဲလျက်ရှိသည်။ 

လျှို့ဝှက်ဆန်းကြယ်သော နယ်ခြားစည်းကို အစောင့်အရှောက်စစ်နတ်ဘုရားရှင်းဟူက စောင့်ရှောက်ထား၏။ ရှင်းဟူသည် ကောင်းကင်ဘုံတွင် နှစ်ပေါင်းများစွာ ကျင့်ကြံထားသော အဆင့်မြင့်စစ်နတ်ဘုရားတစ်ပါးဖြစ်သည်။ ရှင်းဟူ၏သက်တမ်းကို လူ့သက်တမ်းဖြင့်တွက်လျှင် နှစ်သုံးသန်းကျော်ရှိပြီဖြစ်၏။ ရှင်းဟူသည် လွန်ခဲ့သည့် နှစ်သိန်းပေါင်းများစွာတည်းက လောကသုံးပါးနယ်ခြားစည်းကို စောင့်ရှောက်သူဖြစ်လာခဲ့သည်။ နတ်နှင့်မိစ္ဆာတို့က စစ်နတ်ဘုရား၏ နောက်ကြောင်းရာဇဝင်ကို အမျိုးမျိုးအထွေထွေ ကောက်ချက်ယူကြသည်။ စစ်နတ်ဘုရားသည် ကောင်းကင်ဘုံတွင် အပြစ်ဒဏ်သင့်ကာ အထီးကျန်နယ်မြေတွင် စောင့်ရှောက်သူအဖြစ် တာဝန်ပေးခံခဲ့ရခြင်းဖြစ်သည်ဟု နတ်ဘုရားများ ထင်မှတ်ကြသည်။ တချို့က လွမ်းမောဖွယ် ဇာတ်လမ်းတစ်ပုဒ်ကို ယုံကြည်ကြ၏။ စစ်နတ်ဘုရားရှင်းဟူသည် နတ်သမီးတစ်ပါးကို တစ်ဖက်သပ်ချစ်ကြိုက်မိခဲ့သော်လည်း ထိုနတ်သမီး၏ ချစ်ခြင်းမေတ္တာကို ပြန်လည်မရရှိနိုင်ခဲ့ဘဲ နတ်သမီးက လူသားတစ်ယောက်နှင့် ချစ်ခင်စုံမက်သွားခဲ့သည်။ သားလေးတစ်ယောက်ဖွားမြင်ပြီးနောက် ရှင်းဟူ၏အချစ်ဦးနတ်သမီးလည်း နတ်သက်ကြွေခဲ့ရသည်။ ထိုနတ်သမီး၏ဝိညာဉ်ကို လမ်းပြရန် စစ်နတ်ဘုရားရှင်းဟူသည် လောကသုံးပါးနယ်ခြားစည်းသို့ ဆင်းလာခဲ့သည်ဟူ၏။ သို့ရာတွင်ကား စစ်နတ်ဘုရားရှင်းဟူ၏ အဖြစ်မှန်ကို အတိအကျသိသူမရှိခဲ့ပေ။ ဥတုအလီလီ နှစ်သန်းချီ ကုန်ဆုံးပြီးနောက် စစ်နတ်ဘုရားရှင်းဟူသည်လည်း မေ့ပျောက်ခံနတ်တစ်ပါးအဖြစ် အဆုံးသတ်သွားခဲ့လေသည်။ လောကသုံးပါးနယ်ခြားစည်းသည်လည်း အချိန်ကာလရွေ့လားမှုနှင့်အတူ တဖြည်းဖြည်းပြောင်းလဲကာ ကျစ်ထန်ပင်များအပြည့်ပေါက်နေသည့် ဒဏ္ဍာရီပုံပြင်ဆန်ဆန်နယ်မြေဖြစ်လာခဲ့သည်။

THE PROMISE OF A THOUSAND WISTERIAOù les histoires vivent. Découvrez maintenant