အပိုင်း ၂ |Unicode+Zawgyi|

122 12 2
                                        

Unicode Version

ဦးခေါင်း၃လုံးရှိသည့် ငရဲခွေးမိစ္ဆာသည် မိစ္ဆာဖမ်းသူများ၏ အစီအရင်ထဲတွင် ဖိနှိပ်ခံထားရသောကြောင့် ဒေါသအကြီးအကျယ်ထွက်ကာ အူလိုက်၏။ လှံရှည်ကိုင်ကာ ရှေ့တန်းမှနေရာယူထားသော ယွဲ့နန်ဘုရင်၏အထူးတပ်မှစစ်သည်များသည် ငရဲခွေးအူသံကြောင့် အူအသည်းများ ပြောင်းပြန်ဇောက်ထိုးဖြစ်မတက် နာကျင်သွားကာ ဗျူဟာပုံစံ ပျက်ယွင်းသွားသည်။ မိစ္ဆာဖမ်းသူများသည် ဤအခြေအနေမျိုးကို အတွေ့အကြုံရှိနှင့်ပြီးသားဖြစ်ရာ ဘုရင့်ရဲမက်များ ဆုတ်ခွာချိန်ရရန် အစီအရင်ကိုအဆင့်မြှင့်လိုက်သည်။ ယွဲ့နန်ဘုရင်၏အထူးတပ်ဖွဲ့ကလည်း မခေချေ။ အသင့်စောင့်နေသော လေးသမားများက ငရဲခွေးကို မြားဖြင့်ပစ်သည်။ မြားတံသည် မိစ္ဆာဖမ်းသူများစီစဉ်ပေးသော မိစ္ဆာများကိုထိခိုက်စေနိုင်သည့်ဆေးရည်ဖြင့် လူးထားသောကြောင့် ငရဲခွေးသည် ဒဏ်ရာရသွားကာ မထူးဇာတ်ခင်းတော့၏။

မိစ္ဆာဖမ်းသူတစ်ယောက်က အစီအရင်ကို မပျက်ယွင်းရအောင် ထိန်းထားရင်း ပြောလိုက်သည်။

"ဂိုဏ်းတူအစ်ကို မိစ္ဆာက သားရဲအဆင့်ထပ် အင်အားကြီးနေတယ်။ ကျွန်တော်တို့ ကြာကြာ မထိန်းနိုင်ဘူး "

မိစ္ဆာဖမ်းသမားလူငယ်၏ ဂိုဏ်းတူအစ်ကိုက ပြန်ပြောသည်။

"အစီအရင်မပျက်အောင် ထိန်းထားပြီး အခွင့်အရေးစောင့်နေ"

ဂိုဏ်းတူအစ်ကိုသည် သူ၏ဝိညာဉ်ဓားကို ခေါ်ထုတ်ကာ အစီအရင်၏ အလယ်ဗဟိုချက်တွင် အင်အားဖြည့်တင်းရန် စေလွှတ်လိုက်သည်။ ဓားပျံသည် ဦးခေါင်း၃လုံးမိစ္ဆာ၏ အပေါ်တည့်တည့်ပျံသွားကာ ပြင်းထန်သောအရှိန်အဝါဖြင့် မိစ္ဆာကိုဖိနှိပ်လိုက်သည်။ ဦးခေါင်း၃လုံးခွေးမိစ္ဆာသည် အားလျော့လာကာ မြေပေါ်သို့ ဘုန်းခနဲ လဲကျသွားသည်။ ထိုအချိန်သည် အချိန်ကောင်းဖြစ်၏။ ဓားပျံကို စေလွှတ်လိုက်သော မိစ္ဆာဖမ်းသူက လေထဲသို့ခုန်လိုက်ကာ ဓားကို လက်ဖြင့်ဖမ်းဆုပ်ပြီး ပြန်ယူလိုက်သည်။ လေထဲတွင် ဟန်ချက်ထိန်းပြီးနောက် မြေပေါ်သို့ ပြန်ဆင်းသက်ချိန်၌ ဓားဦးကို မြေကြီးထဲသို့ အရှိန်ပြင်းစွာ ထိုးစိုက်လိုက်၏။ ထိုအချိန်၌  မြေမှော်ပညာကြောင့် မြေမျက်နှာပြင်ပုံသဏ္ဍာန်ပြောင်းလဲကာ မြေသားထုများသည် ဦးခေါင်း၃လုံးခွေးမိစ္ဆာကို​ ဝန်းရံကြိတ်ချေသွားတော့သည်။ မိစ္ဆာဖမ်းသူများက ဦးခေါင်း၃လုံးခွေးမိစ္ဆာ၏ ပျံ့လွင့်ထွက်လာသော မိစ္ဆာဝိညာဉ်ကို ဖမ်းချုပ်ကာ သိမ်းဆည်းလိုက်သည်။

THE PROMISE OF A THOUSAND WISTERIAOnde histórias criam vida. Descubra agora