အပိုင်း ၃ |Unicode+Zawgyi|

101 10 8
                                    

Unicode Version

"နောက်လှည့်လိုက်"

ရွှယ်ရှင်းလော့လည်း အမိန့်ပေးသည့်အတိုင်း လက်နှစ်ဖက်ကိုမြှောက်ကာ နောက်လှည့်လိုက်၏။ ဓားပျံတစ်လက်က သူ့လည်မြိုကို ထောက်ထားသည်။ သို့သော်လည်း ရွှယ်ရှင်းလော့ မအံ့သြမိပါ။ မအံ့သြသည့်အပြင် စိတ်ထဲမှ မြည်တွန်တောက်တီးလိုက်သေးသည်။

"ဘယ်လိုတောင် ရန်လိုတတ်တဲ့ကောင်လဲ။ စာအုပ်တစ်အုပ်ကို အဖုံးနဲ့ မဆုံးဖြတ်ရဘူးဆိုတဲ့စကား သိပ်မှန်တာပဲ"

ရွှယ်ရှင်းလော့ အလန့်တကြားအမူအရာဖြင့် ပြောလိုက်သည်။

"ကျွန်တော့်ကို မသတ်ပါနဲ့။ ကျွန်တော် ခရီးသွားတစ်ယောက်ပါ။ အလုပ်အကိုင်က စာအုပ်ရောင်းပါတယ်"

စိတ်ထဲ၌မူ "နည်းနည်းလောက် ဆက်အိပ်ပြီး ငါထွက်သွားမှ ထလာရင် မြွေကိုက်မှာမို့လို့လား"ဟု ခပ်ရွဲ့ရွဲ့ပြောနေ၏။

မိစ္ဆာဖမ်းသူက ဓားပျံကို ပြန်သိမ်းဆည်းလိုက်သည်။ ဓားပျံသည် မြင်ကွင်းမှ လုံးဝပျောက်ကွယ်သွား၏။ ရွှယ်ရှင်းလော့ မျက်ခုံးပင့်လိုက်ရင်း စိတ်ထဲမှပြောသည်။

"တော်သေးတယ်ကွာ"

မိစ္ဆာဖမ်းသူက ပတ်ဝန်းကျင်ကို ဟိုကြည့်ဒီကြည့် ကြည့်လိုက်ပြီးနောက် မေး၏။

"မေးပါရစေ။ ဒါက ဘယ်နေရာလဲမသိဘူး"

"ယွဲ့နန်မြို့တောင်ပိုင်း စွန့်ပစ်ရွာ ကျစ်ထန်တောအုပ်အလယ်ခေါင်"

ရွှယ်ရှင်းလော့ နေရာကို ပြည့်စုံစွာဖော်ပြပြီးနောက် မေးလိုက်သည်။

"မေးစရာရှိသေးလား။ ကျွန်တော် မြို့ထဲသွားတော့မယ်နော်"

မိစ္ဆာဖမ်းသူက ရွှယ်ရှင်းလော့ စကားအဆုံးသတ်နှင့် အလောတကြီးပြောလိုက်သည်။

"ကျွန်တော်လည်း..ယွဲ့နန်မြို့ထဲသွားမှာပဲ"

ရွှယ်ရှင်းလော့ ပြုံးလိုက်သည်။

"ကောင်းတာပေါ့။ လမ်းခရီးချောမွေ့ပါစေ"

ရွှယ်ရှင်းလော့က ဆက်မသွားဘဲရပ်နေသည်။ မိစ္ဆာဖမ်းသူကလည်း ဆက်မသွားဘဲရပ်နေသည်။ ရှင်းလော့သည် မိစ္ဆာဖမ်းသူကို ကိုယ့်လမ်းကိုယ်သွားလေဟု ထုတ်မပြောရုံတမည် အမူအရာဖြင့် ရပ်နေခြင်းဖြစ်ပြီး မိစ္ဆာဖမ်းသူက ဘယ်အရပ်မျက်နှာသို့ သွားရမည်မသိသောကြောင့် ရပ်နေခြင်းဖြစ်သည်။ နှစ်ယောက်လုံး အကြောင်းပြချက်ကိုယ်စီဖြင့် မတ်တပ်ရပ်နေကြစဉ် ရှင်းလော့က တစ်ဖက်လူကို ပိုပြီးအနေရခက်အောင် လမ်းကြောင်းကိုမေးငေါ့ပြရင်း ပြုံးပြလိုက်၏။ ထိုအခါ မိစ္ဆာဖမ်းသူသည် ဦးတည်ချက်မရှိဘဲ လက်ညှိုးဖြင့် တောင်ထိုးမြောက်ထိုးလုပ်ကာ စဉ်းစားနေပြီးမှ အရပ်မျက်နှာတစ်ခုကို ရမ်းသမ်းရွေးချယ်ကာ ထွက်သွားလေသည်။

THE PROMISE OF A THOUSAND WISTERIAWhere stories live. Discover now