Unicode Version
ဆရာဦးလေးသည် မျက်လုံးကြီးပြူးကာ ကြည့်နေ၏။ ထိုအချိန်၌ ရေထဲကျသွားသော ကျောက်ဖန်းလည်း ကမ်းစပ်မှ လေးဘက်တွားသွားကာ တက်လာပြီး စစ်မြေပြင်ထဲပြန်ရောက်လာသည်။ ရွှမ်မင်က ကြေးနီရောင်သံမဏိလုံးတချို့ကို လက်ထဲတွင်ကိုင်ပြီး ပစ်ခတ်ရန်အဆင်သင့်ဖြစ်နေပြီ။ သို့သော် ၃ဦးလုံးသည် မတိုက်ခိုက်ကြသလို ထွက်လည်းမပြေးကြပေ။
အတန်ကြာသည်အထိ ဘာမှဆက်မဖြစ်ကြသောအခါ ရွှယ်ရှင်းလော့ မဝေဖန်ဘဲမနေနိုင်တော့ချေ။ သို့သော် နတ်ဘုရားသိက္ခာထိန်းရသေးသည်မို့ စိတ်ထဲမှဝေဖန်လိုက်၏။
"ယောကျာ်းရင့်မာကြီး၃ယောက် အကြည့်ချင်းဆုံတာကို ငါကထိုင်ကြည့်နေရတာလား။ ငါ့ရဲ့လူ့ဘဝတစ်ဘဝစာအချိန်တွေ ကုန်ပါပြီ"
ရွှယ်ရှင်းလော့သည် "ဒီနေ့မတိုက်ဖြစ်ရင် ပြန်ကြရအောင်"ဟု ထပြောချင်နေပြီဖြစ်သည်။
သို့သော် ထိုအချိန်၌ မမျှော်လင့်သောဧည့်သည်တစ်ယောက် ရောက်လာလိမ့်မည်ဟု ရွှယ်ရှင်းလော့ မခန့်မှန်းမိခဲ့ပေ။ လပြည့်ည၏ကြည်လင်နေသော ကောင်းကင်ပြင်သည် မိုးကြိုးလျှပ်စီးများလက်ကာ မိုးတိမ်များရောက်လာသည်။ ထို့နောက် မိုးဖွဲလေးရွာလာသည်။ မိစ္ဆာဖမ်းသူ၃ယောက်က အံ့အားသင့်နေကြ၏။ အကြိမ်ပေါင်းများစွာ ကြုံဖူးသောရှေ့ပြေးနိမိတ်ဖြစ်သောကြောင့် ရွှယ်ရှင်းလော့သည် မယုံနိုင်ဖွယ်အမြန်နှုန်းဖြင့် ရောက်လာနေပြီဖြစ်သော ဧည့်သည်ကိုသိသွားပြီဖြစ်ရာ အကြီးအကျယ်စိတ်ပျက်သွားမိသည်။
"ငါထင်နေတဲ့ ဘွားတော်လို့တော့ မပြောနဲ့နော်။ စမုံတုံးကုန်ကြတော့မှာပဲ"
ရွှယ်ရှင်းလော့က ရွှမ်မင်နှင့်အတူပြေးရန် ဟန်ပြင်သည်။ သို့သော် ခြေချမည့်နေရာတည့်တည့် မိုးကြိုးပစ်ချလိုက်ရာ ရွှယ်ရှင်းလော့ အမြန်ဆုံးရှောင်တိမ်းလိုက်ရသည်။
"ဘယ်ပြေးမလို့လဲ စစ်နတ်ဘုရား"
ရွှယ်ရှင်းလော့က အသံကြားရာသို့ လှည့်ကြည့်လိုက်သည်။
မိုးသားတိမ်တိုက်များကဲ့သို့ ခဲပုပ်ရောင်ရှိသည့် မလုံ့တလုံဝတ်စုံဝတ်ကာ ဆံပင်ဖားလျားချထားသော မိန်းမပျိုတစ်ယောက် မတ်တပ်ရပ်နေ၏။ မိန်းမပျို၏နားရွက်နှစ်ဖက်သည် လူသားနားရွက်များနှင့် ကွဲပြားခြားနားပြီး ချွန်သောပုံစံရှိ၏။ မိန်းမပျိုက ရယ်လိုက်ရာ အစွယ်၂ ချောင်း ထင်ရှားစွာပေါ်လာသည်။ ခဲရောင်မျက်လုံးများတွင် မျက်ဆံမရှိပါ။ မျက်ခုံး၂ဖက်အကြား၌ မိစ္ဆာအမှတ်တစ်ခုရှိ၏။ အဝတ်ကင်းမဲ့နေသော ခန္ဓာကိုယ်အစိတ်အပိုင်းများတွင် အရေပြားပေါ်၌ လျှပ်စီးများစီးဆင်းနေသည်ကို မြင်နိုင်၏။ အထူးခြားဆုံးအချက်မှာ ထိုမိန်းမပျိုသည် အစဉ်အမြဲ ရေစိုနေခြင်းဖြစ်လေသည်။ သို့သော်လည်း ရေစိုနေသော ကျောက်ဖန်းနှင့်ယှဉ်လျှင် ထိုမိန်းမပျိုက မနှိုင်းယှဉ်သာအောင် ဆွဲဆောင်မှုရှိနေဆဲဖြစ်၏။
YOU ARE READING
THE PROMISE OF A THOUSAND WISTERIA
FantasyUnicode Version ရှင်းလော့သည် ကောင်းကင်ဘုံ၏အပြစ်ဒဏ်သင့်ကာ လူ့ပြည်တွင် ပုန်းခိုနေရသော နတ်ဘုရားတစ်ပါးဖြစ်သည်။ တစ်နေ့တွင် ရှင်းလော့သည် ဒဏ်ရာရကာ ဒုက္ခတွေ့နေသည့် မိစ္ဆာဖမ်းသူရွှမ်မင်နှင့်တွေ့ဆုံကာ ကယ်ထားခဲ့သည်။ ထိုချိန်က ရှင်းလော့သည် ကောင်းကင်ဘုံကြောင့် ဆ...
