အပိုင်း ၁ |Unicode + Zawgyi|

210 14 9
                                    

Unicode Version

လောကသုံးပါးနယ်ခြားစည်းမှ မိုင်ပေါင်းများစွာအကွာတွင် စည်ကားသိုက်မြိုက်ပြီး ကုန်သွယ်ရေးထွန်းကားသော မြို့တော်တစ်ခုတည်ရှိသည်။ မြို့တော်အမည်ကား ယွဲ့နန်မြို့ဖြစ်၏။ ယွဲ့နန်မြို့အလယ်မှ အသက်သွေးကြောသဖွယ် ဖြတ်သန်းကာ စီးဆင်းသော မြစ်တစ်စင်းရှိသေးသည်။ မြစ်အမည်ကား ယွဲ့မြစ်။ ယွဲ့နန်မြို့သားတို့သည် ယွဲ့မြစ်ကြောင်းအတိုင်း ယွဲ့နန်မြို့အနှံ့သွားလာနိုင်၏။ ထို့ကြောင့် ယွဲ့နန်မြို့သည် ရေကြောင်းဆက်သွယ်ရေးကို အဓိကအားထားသောမြို့ဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိပေ။ ယွဲ့မြစ်ရေပြင်တွင် အရောင်အသွေးစုံလင်စွာ ဆေးရေးခြယ်ထားသော လှေများသည် ခရီးသည်များကိုတင်ကာ စုန်ချည်ဆန်ချည် ဥဒဟို ကူးသန်းသွားလာနေသည်။

များစွာသော လှေများအနက်မှ ရောင်စုံလှေတစ်စီး၏ လှေဝမ်းထဲတွင် ယောကျာ်းပျိုတစ်ယောက် အိပ်မောကျနေသည်။ နေရောင်စူးစူးကို ကာကွယ်ရန် မျက်နှာပေါ်တွင် စာအုပ်တစ်အုပ်ကို မှောက်လျက်တင်ထားသည်ဖြစ်ရာ ထိုယောကျာ်းပျို၏ မျက်နှာကို မမြင်ရချေ။ သို့ရာတွင်ကာ လှေတစ်စီးနှင့်တစ်စီး ပူးကပ်သွားပြီး လှေဝမ်းချင်း တိုက်မိသွားချိန်၌ပင် မလှုပ်မယှက် စက်တော်ခေါ်နေပုံကိုထောက်လျှင် ထိုလူရွယ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေကြောင်းသိနိုင်၏။

လှေထိုးသားလူကြီးက တစ်ဖက်လှေကို အော်ဟစ်ကျိန်းမောင်လေသည်။

"လှေပျက်စီးပြီး ငါထမင်းအိုးပျောက်သွားရင် မင်းတို့ တင်ကျွေးထားမှာမို့လို့လား။ မျက်လုံးနဲ့ကြည့်ပြီး နားစွင့်ထားကြကွ။ မတောက်တခေါက် အကောင်တွေ"

မြစ်ကြောင်းအတိုင်း စုန်ဆင်းလာကာ အတန်ကြာပြီးနောက် အနှီအကြောင်အကြားလှေသည် လှေဆိပ်တစ်ခုတွင် ကမ်းကပ်သည်။ လူငယ်လေးတစ်ယောက်က ကမ်းကပ်လာသောလှေကိုတွေ့သည်နှင့် အပြေးလေးထလာကာ လှေဦးကို ထိန်းပေးသည်။ လှေဆိပ်နှင့် မနီးမဝေးတွင် ကျစ်ထန်ပင်များ အစီအရီပေါက်နေ၏။

လှေထိုးသားလူကြီးက ကမ်းကပ်ပြီဖြစ်ကြောင်း ချောင်းဟန့်သံပေးသည်။ သို့သော် အိပ်ပျော်နေသူက နိုးမလာပေ။ နှစ်နှစ်ခြိုက်ခြိုက် စက်တော်ခေါ်နေဆဲ။

THE PROMISE OF A THOUSAND WISTERIADonde viven las historias. Descúbrelo ahora