Unicode Version
မြေမျက်မှာပြင် ပုံမှန်အနေအထားပြန်ဖြစ်သွားချိန်၌ လုပ်ကြံသူများသည် ရွှမ်မင်နှင့်ရွှယ်ရှင်းလော့ကို မျက်ချည်ပြတ်သွားပြီဖြစ်၏။ ထိုစဉ် အနက်ရောင်ဝတ်စုံနှင့် မျက်နှာဖုံးတပ်ထားသည့် လူနှစ်ယောက် ရောက်လာသည်။ တစ်ဦးက မြေပေါ်၌ ပြုတ်ကျနေသော ကြေးနီရောင်သံမဏိလုံးတစ်လုံးကို ကောက်ယူပြီး သူ့အဖော်ကိုပြသည်။
ဝတ်ရုံအနက်နှင့်လူက သံမဏိလုံးကို တစ်ချက်ကြည့်ပြီးနောက် ပြော၏။
"ခြေရာခံပြီးလိုက်သွားကြ။ မိုးမလင်းခင် အပြတ်ရှင်းခဲ့"
"ဟုတ်ကဲ့"
လုပ်ကြံသူများသည် ထပ်မံရောက်လာသူ၂ဦး အကူအညီဖြင့် ရွှမ်မင်နှင့် ရွှယ်ရှင်းလော့ကို ခြေရာခံနိုင်ခဲ့ကြသည်။ ထို့နောက် နောက်မှ ထပ်ကြပ်မကွာလိုက်လာကြ၏။
ပုန်းလျှိုးကွယ်လျှိုးနေခြင်း၊ လိုက်တမ်းပြေးတမ်းကစားခြင်းနှင့် ပတ်သတ်လျှင် ရွှယ်ရှင်းလော့က ဆရာတစ်ဆူဖြစ်သည်။ ရွှယ်ရှင်းလော့သည် လမ်းတွင်တစ်ထောက်မနားဘဲ ကျန်းနန်မြို့လယ်ခေါင်သို့ တစ်ကျိုးတည်းပြေးလာခဲ့၏။ မည်မျှသတ္တိရှိသော လူသတ်သမားဖြစ်စေ လူပုံအလယ်တွင် ပေါ်ပေါ်ထင်ထင် လုပ်ကြံဝံ့သည်အထိ ရဲတင်းကြမည်မဟုတ်ဟု ခန့်မှန်းမိသည်။
ရွှယ်ရှင်းလော့ ယူဆချက်မှန်ကန်၏။ လုပ်ကြံသူများသည် လူများဥဒဟိုသွားနေသောလမ်းပေါ်၌ သားကောင်ကို မရှာနိုင်ဘဲဖြစ်နေကြသည်။ ထိုလုပ်ကြံသူများတွင် ရွှမ်မင်ကဲ့သို့ ခြေရာခံနိုင်သည့်စွမ်းရည်မြင့်မားသူ ပါလာပုံမပေါ်ချေ။ ရွှယ်ရှင်းလော့နှင့် ရွှမ်မင်သည် မိမိတို့ဘက်က တစ်ဗန်းသာနေသည့် ခြေရာခံနိုင်စွမ်းကို အားသာချက်ပြုကာ လုပ်ကြံသူများလက်မှ ပုန်းရှောင်ကြ၏။ သို့သော် လူရှုပ်လှသောအခြေအနေကြောင့် သူတို့လည်း အခက်တွေ့နေရလေသည်။
ရွှမ်မင်က ရွှယ်ရှင်းလော့ကိုဆွဲခေါ်ကာ ဦးတည်ချက်ပြောင်း၏။
"အဲဒီ့ဘက်က လာနေပြီ"
ထို့နောက် မကြာမီ ဦးတည်ချက် ထပ်မံပြောင်းရလေသည်။ မကြာခဏ ဦးတည်ချက်ပြောင်းပြီးသောအခါ ရွှယ်ရှင်းလော့နှင့် ရွှမ်မင်လည်း ချောင်ပိတ်မိမတက်ဖြစ်နေ၏။ နှစ်ယောက်သား လမ်းကိုဖြတ်ကူးကာ တစ်ဖက်ဆိုင်တန်းများဆီသို့ ရှောင်လိုက်သည်။ သို့သော် ထိုနေရာသည် ပြေးစရာလမ်းမရှိသော လမ်းပိတ်ကြီးဖြစ်နေ၏။
YOU ARE READING
THE PROMISE OF A THOUSAND WISTERIA
FantasyUnicode Version ရှင်းလော့သည် ကောင်းကင်ဘုံ၏အပြစ်ဒဏ်သင့်ကာ လူ့ပြည်တွင် ပုန်းခိုနေရသော နတ်ဘုရားတစ်ပါးဖြစ်သည်။ တစ်နေ့တွင် ရှင်းလော့သည် ဒဏ်ရာရကာ ဒုက္ခတွေ့နေသည့် မိစ္ဆာဖမ်းသူရွှမ်မင်နှင့်တွေ့ဆုံကာ ကယ်ထားခဲ့သည်။ ထိုချိန်က ရှင်းလော့သည် ကောင်းကင်ဘုံကြောင့် ဆ...
