အပိုင်း ၅၉ : ယနေ့ညအတွက် အပူချိန်ခန့်မှန်းချက်

5 2 0
                                    

❄️❄️❄️

"ခန့်ငယ်... ခန့်ငယ် ထတော့...
တောင်သမန်ရောက်ပြီ"

ညင်ညင်သာသာ ပခုံးကိုပုတ်လိုက်တဲ့အထိအတွေ့နဲ့ အနီးကပ်ဆုံး အကွာအဝေးက ကြားရတဲ့ နာမည်ခေါ်သံကြောင့် မျက်လုံးတစ်ဖက်ကို ဖွင့်ကြည့်လိုက်တော့ ကျွန်တော့်ကို ငုံ့ကြည့်နေတဲ့ နက်နဲရွှန်းစိုတဲ့ မျက်ဝန်းတစ်စုံ။ ကျွန်တော်က ကိုကို့ပခုံးပေါ်မှာ ခေါင်းမှီလျက်သားအတိုင်း အိပ်ပျော်နေခဲ့တာပဲ။ ထူးထူးဆန်းဆန်းပဲ ဒီတစ်ခါတော့ ခေါင်းအုံးနေရာမှာ လူချိန်းသွားပါပြီ။

မျက်လုံးတွေကိုပွတ်ရင်းနဲ့ပဲ ကျွန်တော့်အရင် ကားထဲက ထွက်သွားတဲ့ တစ်ယောက်နောက်ကို ကင်မရာလေးဆွဲပြီး လိုက်ခဲ့တယ်။

တောင်သမန်အင်းရဲ့အလှက ဝတ်စုံသုံးမျိုးတစ်လှည့်စီလဲလာတဲ့ လျှောက်လမ်းပေါ်ကအလှမယ်လို နွေ၊ မိုး၊ ဆောင်း သုံးရာသီမှာ မတူညီတဲ့ပုံစံ သုံးမျိုးသုံးစားကွဲပြားတယ်တဲ့။ ခြောက်ကပ်ကပ်နွေရာသီဆို ရေမရှိတဲ့ ဦးပိန်တံတားအောက်မှာ မြက်ပင်တွေသန်လို့၊ မိုးရာသီ ရေတိုးချိန်မှာ တံတားနှုတ်ခမ်းထိ မြင့်တက်လာတဲ့ ရေမျက်နှာပြင်ကြောင့် မြုပ်လုခင်ဖြစ်နေတဲ့ သစ်ခြောက်ပင်အဖျားပိုင်းတွေက ဗျိုင်းနားစရာ၊ ဆောင်းရာသီရောက်လာတော့ မှုန်ဝါးဝါးဆည်းဆာချိန်မှာ တံတားအောက်ကဖြတ်သွားတဲ့ လှေငယ်လေးတွေနဲ့ တံတားပေါ်က ချစ်သူစုံတွဲတွေရဲ့ အရိပ်တွေက ရေပြင်ပေါ်ယှဉ်ကျနေတတ်တယ် ဆိုပဲ။ မန္တလေးမြို့ထဲကနေ တောင်သမန်အထိ စက်ဘီးနင်းပြီး လာချိန်းတွေ့ခဲ့ကြဖူးတဲ့ ၉၀ခုနှစ် အချစ်ငှက်များဆီက အတွေ့အကြုံမျှဝေခြင်းလေ။ အတိအကျ ဘယ်ငှက်တွေလဲ ဟုတ်လား။ ကျွန်တော့်ကို ဥချပေးခဲ့သူများပေါ့ခင်ဗျာ။

ကင်မရာကိုင်လို့ ဟိုချိန်ဒီရိုက်လုပ်ရင်း ကျွန်းတိုင်ရှည်ကြီးတွေ တစ်ဖက်တစ်ချက်မှာ ညီညီညာညာရှိနေတဲ့တံတားပေါ်ကို ကိုကို့နောက်က လိုက်တက်ခဲ့တယ်။ တစ်ဖြည်းဖြည်းနိမ့်ကျလာနေတဲ့ နေဝန်းဟာ လက်ကျန်အရောင်အဆင်းမှန်သမျှ ရေပြင်ပေါ်ကိုနှစ်ချပြီး တောင်မန်တစ်ခွင်ကို လိမ္မော်ရင့်ရောင် ခြုံလွှမ်းထားပြီ။
ဈေးသည်တစ်ချို့လည်း သိမ်းစရာရှိတာသိမ်းရင်း တံတားပေါ်က ပြန်ကြပြီ။ ဒါပေမယ့် ဆည်းဆာကိုစောင့်ဖမ်းချင်တဲ့ ဓာတ်ပုံဆရာတွေနဲ့ ပန်းချီဆရာတွေအတွက်တော့ ဒီအချိန်ဟာ လုပ်ငန်းစလို့ အကောင်းဆုံးပေါ့။

Heartless December❄️ ZG version Where stories live. Discover now