အပိုင်း ၅၇ : နောက်ဆုံးတော့ နှစ်ယောက်တည်းခရီးသွားရပြီ

10 1 0
                                    

❄️❄️❄️

နောက်ဆုံးတော့...
ကိုကိုနဲ့ကျွန်တော် နှစ်ယောက်တည်း sightseeing date ရတော့မယ်နေ့ကို ရောက်ရှိလို့လာခဲ့ပါပြီ။

မနက် ၄နာရီကတည်းကနိုးပြီး ပြင်ဆင်စရာရှိတာပြင်ဆင်နေခဲ့တဲ့ ကျွန်တော်ဟာ မှုန်ဝါးဝါးမြူတွေကြား အလင်းဖောက်စပြုလာတဲ့ မနက် ၇ နာရီခွဲလောက်မှာ ကျောပိုးအိတ်ကို ကျောပေါ်တင်၊ လက်နှစ်ဖက်မှာ သယ်စရာတွေကိုမလို့ ကိုကိုတို့ လမ်းကြားထဲ ခြေကျင်ချီတက်လာခဲ့တယ်။

တိုက်ခန်းရှေ့ရောက်တော့ မျက်နှာသုတ်ပဝါပခုံးပေါ်တင်လို့ ကော်ရစ်ဒါမှာထွက်ပြီး အကြောဆန့်နေတဲ့ အပြာရောင် အားကစားဘောင်းဘီဝမ်းဆက်နဲ့အစ်ကိုတော်က ကျွန်တော့်ပုံကိုလှမ်းကြည့်ပြီး မှတ်ချက်ချလေရဲ့။

"ဟာ... လင်းခန့်... အထုပ်ကြီးအထုပ်ငယ်တွေနဲ့ အိမ်ပြောင်းလာတာလားဟ... ကျောပိုးအိတ်ကြီးကလည်း ဆဒ္ဒန်ဆင်မင်းအစွယ်သွားဖြတ်ဖို့ နှစ်ရှည်လများ တောတွင်းခရီးထွက်လာတဲ့ သောနုတ္ထရမုဆိုးရဲ့ ရိက္ခာအိတ်ကြီးကျနေတာပဲ..."

နှိုင်းလည်းနှိုင်းချင်စရာပဲ။ ကျွန်တော့်ပုံက အဟုတ်ကို အိမ်တိုင်ချွတ်သယ်မလာရုံတမယ် ဖြစ်နေတာကို။

အင်း...။ မုဆိုးတော့ မုဆိုးပါပဲလေ။
အစွယ်ဖြတ်မယ့်ကောင်တော့ မဟုတ်ဘူး။ ကျွန်တော်ဘယ်လိုမှ ဖမ်းမရအောင် မာယာခြောက်သွယ် ခပ်ကြွယ်ကြွယ်သုံးပြီး ထွက်ပြေးနေတဲ့ ရွှေသမင်လေးကိုကို့ကို အချစ်တွေနဲ့ကျစ်ထားတဲ့ ကျော့ကွင်းချပြီး အမိဖမ်းပြမယ့် ၂၁ရာစု အချစ်မုဆိုးဗျ။

"ရိက္ခာအိတ်ကြီးကို မျက်စလာပစ်မနေနဲ့...
အစ်ကို့ဖို့ တစ်ခုမှမပါဘူး"

လှေကားရင်းမှာ ရပ်လိုက်ရင်း အပေါ်ကိုလှမ်းအော်လိုက်မှ တံဘက်ကို ဂုတ်ပေါ်ပြောင်းတင်ရင်း ခေါင်းခါရဲ့။

"ငါ့နှယ်..."

"ပြောလက်စနဲ့... အကြွေးဆပ်အုံးနော်... ကျွန်တော်မေ့နေပြီလို့အောက်မေ့ပြီး လျှောချနေတာ မသိဘူးများမှတ်နေလား..."

"အေးပါ ချစ်တီးသေလို့ဝင်စားတဲ့ငနဲရယ်...
လူမြင်ရင် ဝေဖန်ဖို့နဲ့ အကြွေးတောင်းဖို့ချည်းပဲ"

Heartless December❄️ ZG version Where stories live. Discover now