အပိုင်း ၇၀ : ရေခဲမြစ်ထဲမှ နိုးထလာခြင်း

9 2 0
                                    

❄️❄️❄️

"ဟယ်လို..."

ကျွန်တော် ဖုန်းကိုင်လိုက်တဲ့နောက် တစ်ဖက်လေလှိုင်းကသူရဲ့ အသံပါးရှရှက ခပ်သွက်သွက်ထွက်လာတယ်။

"အာလူး... မင်းရဲ့ တစ်ဖက်စောင်းသဘောကျရတဲ့တစ်ယောက် ဘယ်လိုနေသေးလဲ... ဒီကြားထဲ ကိစ္စတွေ အတော်ဖြစ်ပျက်သွားတယ်ဆို... ငါလည်း ဟိုနေ့ကမှ နုယဉ်နဲ့ဖုန်းပြောဖြစ်ရင်း သူပြောလို့သိတာ... မိုနိုက ဖုန်းဆက်မေးလိုက်ပါအုံးဆိုလို့..."

"အင်း... အခြေအနေကောင်းပါတယ်
ပထမအပတ်ထက် အများကြီးတိုးတက်လာပြီ"

ကိုကို့ကို အသက်လုလိုက်ရတဲ့ရက်နောက်ပိုင်းမှာ အပြောင်းအလဲတွေ ဖြစ်လာခဲ့တယ်။ တစ်ရက်က ကျွန်တော် သူ့ဘေးမှာစောင့်ကြည့်နေတုန်း ဖျတ်ခနဲ မျက်တောင်တွေ လှုပ်သွားတာတွေ့လိုက်ရလို့ ယောက်ယက်ခပ်သွားရသေး။ အပြေးအလွှား ဆရာဝန်တွေသွားခေါ်ခဲ့တော့ အဲ့ဒါက အာရုံကြောလှုပ်ရှားမှု အခြေအနေတွေ တိုးတက်လာလို့ တုံ့ပြန်မှုပြတာလို့ ပြောတယ်။ မျက်တောင်ကလေး တစ်ချက်နှစ်ချက်လှုပ်လာရုံနဲ့တင် ကျွန်တော့်မှာ ပျော်လိုက်ရတာ။ ကိုကိုသာ သတိရလာမယ်ဆို အဲ့ဒီပျော်ရွှင်မှုကို ဘယ်စကားနဲ့ဖော်ပြရမှန်းတောင် သိမှာမဟုတ်။

"ဒါနဲ့ မင်းကိုယ်မင်းရော ဂရုစိုက်ရဲ့လား အာလူး...
ချစ်တဲ့သူကဒီလိုဖြစ်နေတာ ခံစားရမယ်ဆိုတာသိပေမယ့်
လဲနေတဲ့သူထက် လဲနေတဲ့သူကိုဂရုစိုက်မယ့်သူက ပိုပြီးသန်မာနေမှ ဖြစ်မှာနော်... မင်းက ဟန်သာများတာ၊ ပြိုလဲလွယ်တယ်"

ကျွန်တော် ဖုန်းကိုပခုံးကြားညပ်ထားရင်း ပြုံးလိုက်မိတယ်။
ဘာပဲပြောပြောပါ။ အတူကြီးပြင်းလာခဲ့တဲ့ မောင်နှမတွေဆိုတာ ဘယ်လောက်အ‌စေးမကပ်ဖြစ်နေကြပါစေ ကိုယ်ပါးစပ်ဟရုံနဲ့ အူအခွေလိုက်မြင်တဲ့သူတွေချည်းပဲ။

"ဂရုစိုက်ပါတယ်ဗျာ... အခုတောင် အိမ်မှာထမင်းပြန်စားရင်း ယူစရာရှိတာလေးတွေယူချင်လို့ အစ်ကိုနဲ့ လူနာစောင့်ချိန်းခဲ့တာ၊ အခု ကျွန်တော်ကိုယ်တိုင်ချက်နေတယ်... စားအုံးမလား..."

"ဘာဟင်းလဲ..."

"ကြက်ကချင်ချက်..."

"အံမယ်... မင်းတောင်ကချင်ဟင်းတွေဘာတွေ ချက်တတ်နေတယ်ပေါ့... အစပ်ကြောက်လေးက..."

Heartless December❄️ ZG version Where stories live. Discover now