❄️❄️❄️
ထူးခြားချက်ဖြစ်စဉ် ၃ ကိုပြောရမယ်ဆိုရင်...
စက်တင်ဘာ ၁၆ ရက်၊ မနက် ၁၀ နာရီလောက်ပေါ့။ ကျွန်တော် ကွန်ပြူတာသင်တန်းက သင်တန်းချိန်ပြီးလို့ ထွက်လာတုန်း သင်တန်းအဆောက်အဦးအရှေ့မှာ ကျွန်တော့်ကိုရပ်စောင့်နေတဲ့ တစ်စုံတစ်ယောက်ရဲ့ပုံရိပ်ကြောင့် မျက်စိနာနာပွတ်ပြီး သေချာပြန်ကြည့်လိုက်ရတယ်။"ကိုကို... ဘယ်လိုလုပ်ဒီကို..."
"ဟိုနေ့က မင်းပြောတဲ့ဟာ..."
ကိုကိုက ကျွန်တော်စကားမဆုံးခင်မှာပဲ သူ့လက်ထဲက စာအုပ်တစ်ထပ် ကျွန်တော့်ဆီကမ်းပေးတယ်။
ကာတွန်းပေါင်းချုပ်စာအုပ်တွေပေါ့။
စိန်မျောက်မျောက်တို့၊ ပြာဂလောင်ပြာလချောင်တို့ မောင်တီထွင်တို့လေ...။အဲ... ကျွန်တော်ဖတ်ဖို့မဟုတ်ဘူးနော်။ အိမ်က အရှုပ်ထုပ်ညီမပေါ့။ သူ့သူငယ်ချင်းကောင်မလေးက ကာတွန်းစာအုပ်တစ်အုပ် သူ့ကိုငှားလွှတ်လိုက်တာ ဓာတ်ကူးလာပြီး တပူပူတဂျီဂျီနဲ့ အိမ်ရှိလူကုန်လိုက်ကပ်ပြီး ကာတွန်းစာအုပ်ဝယ်ခိုင်းတော့တာပဲ။ တောက်တိုမယ်ရအလုပ်ဆိုတာနဲ့ ကျွန်တော့်မျက်နှာလေးပြေးမြင်ကြတဲ့ အိမ်က အထက်လူကြီးများကလည်း ”လင်းခန့်ရေ... ရော့ဟဲ့” ဆိုပြီး ကျွန်တော့်ပဲဝိုင်းဘော်လီဘောပုတ်လိုက်ကြရောလေ။
ဘယ်တတ်နိုင်မလဲ။ ခြောက်တန်းရောက်နေတဲ့ညီမကို ရည်းစားထားမထားလိုက်မကြည့်ရ၊ ငါ့ညီမကြောင်နေတာဘယ်ကောင်လဲ လိုက်မအော်ရဘဲ ကာတွန်းစာအုပ်ရှာဝယ်ပေးနေရတယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် အစ်ကိုတစ်ယောက်အနေနဲ့ ဗီလိန်ရိုးလ်လျော့တာပေါ့။
"ကျွန်တော်က ဒီအတိုင်း ဘယ်မှာရလဲသိလားပဲ မေးကြည့်တာကို... ကိုကိုကဝယ်ချလာတာလား... အားနာစရာကြီး..."
ကျွန်တော် ကိုကို့ဆီကစာအုပ်တွေ လှမ်းယူလိုက်တယ်။
"ခဏလေး... ဒါတွေ ဘယ်လောက်လဲကိုကို..."
"မပေးနဲ့... ငါကလေးကို လက်ဆောင်ပေးတာ..."
"ဗျာ..."
"စာဖတ်ကျင့်ဆိုတာ ကလေးစာပေကစတာ...
ဘယ်အရွယ်ကစဖတ်ဖတ် ကလေးစာပေတွေက စိတ်ပျော်စေတယ်၊ စိတ်ကူးယဉ်မှုအားကောင်းစေတယ်၊ အခြေခံအမူအကျင့်နဲ့ လောကရဲ့အကောင်းအဆိုးတွေကို ဟာသနှောပြီး သင်ပြပေးတယ်၊ တဖြည်းဖြည်းနဲ့မှ ပိုကျယ်ပြန့်တဲ့စာပေလောကထဲကို ဝင်လေ့လာချင်စိတ်ပေါက်လာမှာပေါ့... ဒီခေတ်ကလေးတွေ စာအုပ်ကိုင်ချင်စိတ်ရှိတာ ကောင်းတဲ့အကျင့်ပဲ၊ ဖုန်းထဲကအကုန်ဖတ်လို့ရတယ်ဆိုရင်တောင် စာအုပ်ကိုင်ဖတ်ရတာနဲ့က အရသာမတူဘူး... စာအုပ်တွေက ခေတ်ပေါ်ပစ္စည်းမှန်သမျှနဲ့ ပခုံးချင်းယှဉ်ပြီး စိတ်ကျေနပ်မှုပေးနိုင်တဲ့ ခေတ်နောက်ကျကျန်မနေခဲ့တဲ့ တစ်ခုတည်းသောအရာလေ..."
YOU ARE READING
Heartless December❄️ ZG version
RomantizmHD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့လူတစ်ယောက်ဆီက နှလုံးသားကို ဒီဇင်ဘာမကုန်ခင်ရအောင်ယူပြဖို့ ကြုံးဝါးခဲ့တဲ့ ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ အလွဲများနဲ့တစ်နှစ်တာကို ဆောင...