Aqua တစ်ယောက် ခန္ဓာကိုယ် ကျုံ့၀င်သွားတော့မည့် အတိုင်း ခံစားနေရ၏။ သူမနှင့် ဆိုဖာခုံတန်းရှည်ပေါ်၌ စီတန်းထိုင်နေကြသည့် အခြားကျောင်းသားကျောင်းသူများသည် Aqua နှင့် မရင်းနှီးသည့်သူများဖြစ်ကြသည်။ ထို့အပြင် တစ်ဦးတည်းသော ရင်းနှီးသည့် Shun သည် သူမဘေးနား၌ ထိုင်နေသော်လည်း သူမနှင့် စကားမပြောနေပေ။ အဆင့်ရသည့် အလိုက်ထိုင်ရသောကြောင့် Aqua သည် ပုံမှန်ဆိုလျှင် ခုံ၏ ထောင့်စွန်း၌ ထိုင်ရမည်ဖြစ်သော်လည်း အဆင့်တစ် ရထားသည့်သူမှာ နှစ်ယောက် ဖြစ်နေသောကြောင့် ထောင့်၌ ဆရာမထိုင်ခိုင်းထားသော သူမှာ Aquaမဟုတ် Noa ဖြစ်နေပေသည်။ ထို့ကြောင့် Aqua သည် Shun နှင့် Noa နှစ်ယောက်ကြား ထိုင်နေရလေ၏။
Aqua တစ်ယောက် အဆင့်တစ်အချင်းချင်းပင် ခွဲခြားခံနေရသည်ဟူ၍ ခံစားမိသည်။ ဆုတက်ယူလျှင် Noa သည် သူမထက်အရင် ယူရမည်ဖြစ်သောကြောင့်ပင်။
ထို့အပြင် ဖယ်ကျဉ်ခံနေရသည်ဟူ၍လည်း ခံစားမိ၏။ Shun နှင့် Noa သည် အတန်းထဲတွင်လည်း ဘေးချင်းကပ်ထိုင်ကြသည့် သူငယ်ချင်းများဖြစ်ကြသည်။ လက်ရှိအခြေအနေမှာ သူတို့နှစ်ယောက်သည် ကိုယ်ကိုရှေ့ကို ကိုင်းထားကြပြီး Aquaကို လျစ်လျူရှုလျက် စကားစမြည်ပြောနေကြလေ၏။ သူတို့ပြောသည့်အကြောင်းအရာများကို နားမလည်ပေ။ သို့သော် Game အကြောင်းဆိုသည်ကိုတော့ သိလိုက်ရ၏။
Aquaသည် သူ့ဘေးနားက ယောကျာ်းလေးနှစ်ယောက်ကို အကြည့်လွှဲလို့၍လည်း မရ ။ မရမက တခြားနေရာကို ကြည့်နေပါက အတင်းပင် အာရုံလွှဲနေရသည်ဆိုသည်မှာ သိသာနေမည်မှာ အမှန်ပင်။ ထို့ကြောင့် သူမမျက်လုံးရှေ့၌ ပေါ်နေသည့် သူနှစ်ယောက်ကို သေသေချာချာ ကြည့်မိရုံမှအပ မတတ်နိုင်တော့ပေ။
Shun ၏ ရေမွှေးအနံ့လေးမွှေး၏။ သူငယ်ချင်းဖြစ်သည့် Noaနှင့် စကားပြောနေရခြင်းကြောင့်ဖြစ်မည်။ Shun ၏ ပါးချိုင့်ပေါ်သည့် အပြုံးကို ခဏခဏမြင်နေရ၏။Shun ပျော်နေသည်ကို မြင်ရသည်မှာ Aqua အတွက် ကြည်နူးစရာကောင်းသည့် မြင်ကွင်းလည်းဖြစ်၏။
Noaမှာမူ မိန်းကလေးအများစုကြိုက်ကြသည့် သန့်သန်ပြန့်ပြန့် ရုပ်ရည်မျိုးပိုင်ဆိုင်ထားသည့်အပြင် အသားလည်းဖြူ၏။ အညိုရောင်ဘက်ပိုသမ်းနေသည့် မျက်၀န်းများနှင့် စင်းကော့သည့် မျက်တောင်များမှာလည်း သူ့ကို ပို၍ပင် လှပသည့်လူသားတစ်ယောက် အဖြစ် မွမ်းမံပေးနေလေ၏။ ထို့အပြင် Shun ထက်အရပ်နည်းနည်းပိုရှည်ပြီး စကားပြောသည့် ပုံစံကိုကြည့်သော် ဖော်ရွေနွေးထွေးတတ်သည့် ပုံလည်းပေါက်၏။
![](https://img.wattpad.com/cover/356744121-288-k340905.jpg)
YOU ARE READING
Only with You《Completed》
Ficção Adolescente#Writer's review# Name : Only with you Type : Normal / Own Creation Genres : Highschool Romance, Drama