Ch 27

514 57 0
                                    

Bill တစ်ယောက် အမျိုးသမီးတချို့နှင့် စကားပြောနေသည့် Vivian ကို အဝေးမှ တဆင့်ငေးကြည့်နေလေ၏။ လေပြေလေညှင်းများသည် ‌သူမ၍ ကျော့စင်းသည့် ခါးသွယ်နောက်၌ ခိုစင်းနေသည့် ဆံနွယ်များကို မသိမသာ လှုပ်ခတ်သွားစေသည်ကိုပင် သူသတိပြုနေမိလေ၏။ ပင်လယ်ပြင်၏ နူးညံ့သည့် လှိုင်းလုံးများကလည်း ပွဲခန်းမထဲမှ ထွက်လာသည့် တီးလုံးများနှင့် အပြိုင် သာယာသည့် သံစဉ်များကို ဖန်တီးပေးနေ၏။ သူမ ၀တ်ဆင်ထားသည့် စိမ်းနုရောင်ဂါ၀န်သည် သူမ၏ သဘာ၀ဆန်ပြီး ကျက်သရေရှိသည့် အလှတရားကို ပို၍ ထိုးထွက်နေစေ၏။ သူမ၏ လှုပ်ရှားမှုတိုင်း၌လည်း ရောင်စုံအငွေ့အသက်များ ဖြာထွက်နေသည့် အတိုင်းပင် Vivian ၌ အများနှင့် မတူ ထူးခြားသည့် ဆွဲဆောင်မှု ရှိနေသည်ဟူ၍ ခံစားရ၏။ Billတစ်ယောက် ညှို့ယူခံနေရသည့် အတိုင်းပင်။ သို့သော် သူ ရုန်းမထွက်ချင်။ သူလိုလိုလားလားပင် သူမ၏ အိပ်မက်ဆန်သည့် အလှတရားနှင့် ဆွဲဆောင်မှုကြားသို့ တိုး၀င်‌နေခဲ့ခြင်းပင်ဖြစ်သည်။ အနေငြိမ်သည့် သူ့ခန္ဓာ၌ ငြိမ်ငြိမ်မနေဘဲ ကဆုန်ပေါက်နေသည်မှာ Vivian ၏ တည်ရှိမှုကို ခံစားမိသည့် သူ့ နှလုံးသားပင်ဖြစ်သည်။

Vivian သည် အဝေးမှ Bill အကြည့်ကို ခံစားနေမိ၏။ သူမသည် Bill၏ သိသာနေမှုကြီးကို ထောက်ပြချင်လိုက်မိ၏။ သူမ မရယ်မိအောင်လည်း ထိန်းထားနေရ၏။ ထိုစဉ် သူမ ဘေးနားက ၀န်ထမ်းဆီမှ ဖန်ခွက်တစ်ခွက်ကို ယူလိုက်၏။ သူမနှင့် စကားပြောနေခဲ့သည့် အမျိုးသမီးသည် သူမကို သတိပေးလာ၏။

"အဲ့တာ အအေးမဟုတ်ဘူး သမီး..."

Vivian သည် ချိုသာစွာ ပြုံးပြလာပြီး

"သမီး အသက်ပြည့်ပြီးပြီ အန်တီ.."

အမျိုးသမီးကြီးလည်း ခပ်ဖွဖွရယ်လိုက်ပြီး

"သဘော...သဘော...အရမ်းတော့ မသောက်နဲ့နော်..အန်တီတို့ကို သမီးတို့ ကျောင်းအုပ်ကြီး လာဆူနေဦးမယ်..."

"စိတ်ချပါ အန်တီ...တစ်ခွက်ပါပဲ.."

"အေးအေး..အဲ့တာဆို အန်တီ့ကို ခွင့်ပြုဦး.."

"ဟုတ်ကဲ့..."

Vivian သည် ထိုအမျိုးသမီးကြီး ထွက်သွားသော် ခွက်ကို အကုန်မော့လိုက်၏။ ထို့နောက် သူမကို ခိုးကြည့်နေသည့် Bill ကို လှမ်းပြုံးပြ၏။ Billတစ်ယောက် Vivian အရက်သောက်လိုက်သည်ကို မြင်သော် စိတ်ပူသွားပြီး သူမဆီလျှောက်လာ၏။ သူမလည်း Bill ဆီ ခပ်သွက်သွက်လျှောက်လာ၏။ နှစ်ယောက်ဆုံသော် Vivian သည် Billလက်ကို ဆွဲပြီး မီးရှူးမီးပန်းများဖောက်နေသည့် သောင်ပြင်ဘက်သို့ ထွက်လာလိုက်၏။

Only with You《Completed》Where stories live. Discover now