Noa Year 4ရောက်သော် အရှေ့က နှစ်များထက်ပင် ပို၍သိသိသာသာ ဆိုးသွမ်းလာခဲ့သည်ပေ။ သူ့မိဘများလည်း ဆက်လက်သည်းမခံနိုင်တော့သည့် တစ်နေ့မှာတော့ Noa တစ်ယောက် အကြီးအကျယ်ပင် အဆူခံလိုက်ရလေတော့၏။ ထို့ကြောင့် နောက်တစ်နေ့မနက် အိမ်မှ ထွက်ပြေးချလာ၏။ ထို့နောက် ကစားကွင်းတစ်ခု၌ ပုန်းခိုနေခဲ့ပြီး သူအမေအိတ်ထဲမှ နှိုက်လာသည့် ပိုက်ဆံများနှင့် မုန့်များ၀ယ်ကာ စခန်းချနေနေလေ၏။
နေ့တစ်၀က်ကျိုး၍ ညနေရောက်သော် ကွင်းထဲ လာကစားကြသည့် တခြားသော ကလေးများလည်း ရောက်လာကြ၏။ Noa လည်း ထိုကလေးများနှင့် ရောယောင်ပြီး လိုက်ကစားနေလိုက်၏။ ထိုစဉ် တစ်ယောက်တည်း ထိုင်ဆော့ နေသည့် ကလေးမလေး တစ်ယောက်ကို တွေ့လိုက်ရ၏။
သူမဆော့နေသည့် ကစားပုံမှာလည်း အနည်းငယ် ထူးဆန်းနေသောကြောင့် Noa သူမနားသွားပြီး စပ်စုကြည့်၏။ ထို့နောက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် Noa တစ်ယောက် လန့်သွားပြီး သဲပြင်ပေါ် ထိုင်လျက် ပြုတ်ကျသွားလေတော့၏။အသံတစ်သံကြားလိုက်၍ ထိုကလေးမလေးလည်း အနောက်ကိုလှည့်ကြည့်လာလေ၏။ သူမသည် နှာခေါင်းစည်းကို တပ်ထားပြီး လက်ထဲ၌လည်း ဓါးသေးသေးလေးကို ကိုင်ထား၏။ Noa ၏ ကြောက်လန့်နေသည့်ရုပ်ကို မြင်သော် ထိုကလေးမလေးသည် ရိုးနေသည့်ဟန်ဖြင့်သာ သူ့ကို ကြည့်လာလေ၏။ ထို့နောက် ဂရုမစိုက်တော့ပဲ သူမ ဆက်ဆော့စရာရှိသည်ကိုသာ ဆော့၏။
ကလေးမလေးသည် လက်ထဲမှဓါးသေးသေးလေးနှင့် သူမအောက်မှ အကြိမ်ကြိမ် လှီးဖြတ်ခံထားရပုံပေါက်သည့် ၀တ်ဝံရုပ်ဗိုက်ကို အာရုံစိုက်ပြီး လှီးဖြတ်နေလေ၏။ သူမဘေးနား၌ အရုပ်သေးသေးလေးများနှင့် ထိုကဲ့သို့ ဗိုက်ခွဲခံထားရသည့် အရုပ်ပေါင်းများစွာလည်း ရှိနေသည်ပင်။
Noa တစ်ယောက် လေးဘက်ထောက်လာပြီး ကလေးမလေးဆော့နေသည်ကို ဘေးကနေ ထိုင်ကြည့်လာ၏။ ကောင်မလေးသည် Noa ကို မျက်စောင်းတစ်ချက်ပစ်ကြည့်လိုက်၏။ သို့သော် မည်သည်ကိုမှ မပြောပေ။ Noa ရှိနေသည်ကို အနှောင့်အယှက်ဖြစ်နေသည့်ပုံလည်း မပေါက်ပေ။ ထို့အပြင် သူမသည် Noa ကို ကြွားလုံးထုတ်သည့် ဟန်ဖြင့် အရုပ်ဗိုက်ကို ယုံကြည်ချက်ရှိရှိနှင့်ပင် ခွဲပြလာသေး၏။
![](https://img.wattpad.com/cover/356744121-288-k340905.jpg)
YOU ARE READING
Only with You《Completed》
Teen Fiction#Writer's review# Name : Only with you Type : Normal / Own Creation Genres : Highschool Romance, Drama