အပိုင်းတစ်

7.2K 480 108
                                    

" မောနင်း ကိုညို"

" အေး မောနင်း ထက်ထက်"

" မနက်စာ သွားစားမလို့ ကိုညို လိုက်ဦးမလား"

" မလိုက်တော့ဘူး ငါ စားခဲ့ပြီးပြီဟ။ သွားကြ သွား"

" မီတင်ရှိလို့လား ကိုညို"

" အေး ဟုတ်တယ် နည်းနည်းပြင်လိုက်ဦးမယ်။ နင်တို့ စားပြီးပြန်လာမှ ဒီဇိုင်းတစ်ခု ဝင်ပေးဦး ထက်ထက်"

" ဟုတ်ကဲ့ မြန်မြန်ပြန်လာခဲ့မယ်"

ရုံးချိန်လည်း မစသေး၊ လူလည်း မစုံသေးတာနဲ့ မီတင်အတွက် ပြင်စရာရှိတာ နည်းနည်းပါးပါးပြင်လိုက်ပြီး ကော်ဖီတစ်ခွက် ဖျော်သောက်လိုက်တယ်။ ဆေးလိပ်သောက်ချင်ပေမယ့် အစောကြီး သောက်ရင် ပျို့တတ်လို့ ခဏတော့ သည်းခံဦးမှပါ။

ရုံးက Sale & Marketing ကို အဓိကထားလုပ်တာဆိုပေမယ့် တခြားလုပ်ငန်းတွေလည်း တော်တော်များများ ရှိပြီး ခပ်ကြီးကြီး company တစ်ခုလို့ ဆိုရမှာပေါ့။

Company မှာ သူ့ position က Creative Director ပါ။ CD ဆိုပေမယ့် Digital Marketing ဌာနရဲ့ Head ဆိုလည်း ဟုတ်တယ်။ သူ့လက်အောက်မှာ ဝန်ထမ်း အယောက် ၅၀ နီးပါးတော့ရှိတယ်။ အတူတွဲလုပ်လာတာလည်း ၃၊ ၄ နှစ်လောက်ရှိပြီဆိုတော့ အကုန်လုံးနဲ့ အဆင်ပြေပြေပါပဲ။ အကုန်လုံးကလည်း လူငယ်တွေချည်းပဲဆိုတော့ လွယ်လွယ် အထာနပ်ကြတယ်။

တူရာတူရာစုတယ်ပဲ ခေါ်မလား သူတို့ Team တစ်ခုလုံးက ပုံစံတူတွေချည်းပဲ။ ဆေးလိပ်သောက်၊ အရက်သောက်၊ ပျော်ပါး၊ မကျေနပ်ရင် တည့်တွေပြော၊ စိတ်ထဲမရှင်းဘူးဆိုရင် ချက်ချင်းရှင်းတတ်ကြတဲ့သူတွေ။ ပြီးရင် ဘီယာဆိုင်မှာ ရင်ဖွင့်ပြီး ပြန်တည့် ဒီလိုအချိုးတွေချည်းပဲ။ အကုန်လုံးနီးပါး ဒီလိုပုံစံတူလေးတွေ စုနေတာဆိုတော့ ဘာအဆင်မပြေစရာ ရှိမှာတဲ့တုန်း။

ရုံးချိန်စပြီဆိုတော့ လူတွေလည်း တစ်စတစ်စ များလာပြီ။ လူစုံပြီဆိုတော့ လုပ်စရာရှိတာ လုပ်နေရင်း နေ့လည်ထမင်းစားချိန်တောင် ရောက်တော့မယ်။ ရုံးမှာက ကန်တင်းရှိပေမယ့် သူတို့အဖွဲ့က စိတ်ကူးပေါက်ရာ စားကြတာ။ တစ်ခါတလေလည်း ကန်တင်းမှာ ကြိတ်၊ တစ်ခါတလေလည်း ထိပ်က လက်ဘက်ရည်ဆိုင်လေးမှာပဲ။ ကြုံသလို ပျော်ရွှင်ကြသူတွေ။

ဒီဇင်ဘာမှသည် (Starting in December)Where stories live. Discover now