(မြန်မာ့နှစ်ကူး အချိန်အခါမှာ ကျနော့်ရဲ့ စာဖတ်သူ ဂျီကောင်အပေါင်း ကျန်းမာရွှင်လန်းကြပါစေကြောင်း ဆုတောင်းပေးပါတယ်နော်။ ကျနော်တို့ နိုင်ငံကို ကျနော်တို့ ပြန်ပိုင်တဲ့အခါမှ သင်္ကြန်နဲ့ပိတောက်ကို အားပါးတရ မွှေးကြူကြပါစို့)
ဒီနေ့တော့ နှစ်ယောက်လုံး အလုပ်မရှိတာနဲ့ အိမ်မှာပဲ လုပ်စရာရှိတာတွေ လုပ်နေတာ။ မြေ့ကတော့လား ဘာမှမလုပ်ပါဘူး သူ့ဘာသာ အိမ်ရှေ့ဝင်လိုက် နောက်ဖေးထွက်သွားလိုက်နဲ့ပဲ။ လုပ်လည်း မလုပ်တတ်သလို ကျွန်တော်ကလည်း မခိုင်းချင်ဘူးလေ။ ဘာမှမလုပ်တတ်ပေမယ့် မနက်စာတော့ ဝယ်တတ်ပါတယ်ဆိုပြီး ရှမ်းခေါက်ဆွဲတော့ သွားဝယ်ပေးပါရဲ့။
"လင်းယံ ... အဲဒါက ဒီလိုခေါက်ရတာ ဒီမှာကြည့် ငါပြမယ်"
လှမ်းထားတဲ့အဝတ်တွေရုတ်ပြီး မီးပူတိုက်ဖို့ အင်္ကျီခေါက်နေတဲ့ ကျွန်တော့်နားလာပြီး ဟိုလိုလုပ်၊ ဒီလိုလုပ် လျှောက်ပြောနေတာမို့ ဘာမှမပြောဘဲ လွှတ်ပေးလိုက်တော့ ခေါက်တတ်တာလည်း မဟုတ်ဘဲ တလွဲလုပ်တော့တာပဲ။
"ငါ ကြည့်တုန်းက အဲဒီလိုမဟုတ်ဘူး ရပါတယ်ဟ ခု ဘာလို့ မရတော့တာလဲ"
"ပေးပါတော့ မခေါက်ပါနဲ့ ကိုယ့်ဘာသာ အေးဆေးထိုင်နေ ကျွန်တော့်ဘာသာ လုပ်ပါ့မယ်"
"မင်းကလည်း ကူညီပေးတာကို"
"မြေ့က ဒီတိုင်းထိုင်ပြီး ချောပေးနေရင်ရပြီ ဟုတ်ပြီလား ဘာမှမလုပ်နဲ့ ထိုင်နေ။ အပေါ်တက်ထိုင်လေ အောက်က မွေးပွကို ဆွဲမနှုတ်နဲ့တော့ မြေ့ရဲ့ အဲဒီနားလေးတင် ကွက်နေပြီ သိလား"
အောက်မှာထိုင်လိုက်တာနဲ့ မွှေးပွကော်ဇော်က အမွှေးနုလေးတွေကို အကြောင်းပြချက်မရှိ လျှောက်နှုတ်နေတတ်တာမို့ အပေါ်မှာပဲ ထိုင်ခိုင်းရတယ်။ မြေ့ဟာ ဘာလေးမှန်းမသိ။
"ပျင်းတယ်လေကွာ ... မင်းက နားရက်လေးကို အိမ်အလုပ်တွေလုပ်နေတာကိုး။ Service ခေါ်လိုက်ရင် ရတာကို။ ဘာလို့ အပင်ပန်းခံပြီး ကိုယ်တိုင်လုပ်နေတာတုန်း"
"မီးပူတိုက်ဖို့ကတော့ အပ်လိုက်မှာလေ မြေ့ရဲ့။လျှော်တာကတော့ အဝတ်လျှော်စက်နဲ့ပဲကို"
YOU ARE READING
ဒီဇင်ဘာမှသည် (Starting in December)
Romanceတစ်ခါတုန်းက ဒီဇင်ဘာမှာ ပိတ်မိနေတဲ့လူတစ်ယောက်ရှိခဲ့ဖူးတယ် ... ။ (Unicode+Zawgyi)