နားတဲ့နေရာကပန်းခြံရဲ့ ထောင့်နားမှာ ဖုန်းပြောပြီး ပြန်ထွက်ခါနီးမှာ အသံကြားတာနဲ့ ရပ်လိုက်တယ်။ ဟိုကောင် ဧရာ့အသံပဲ။
"လင်းယံ ဟိုးရက်က မင်းပြောတာလေ fujifilm က instax mini 40 လေး လိုချင်နေတာဆို ဒီမှာကြည့်စမ်း"
"ပြ ဘာကြီးလဲ"
ဪ လင်းယံနဲ့ပဲဟ။
ပထမတော့ ထွက်ပြီး ဝင်ပြောမလို့ကို အငယ်ဆုံးနှစ်ယောက် စကားပြောနေတဲ့ပုံက ချစ်ဖို့ကောင်းတာနဲ့ လက်ထဲက ကျန်နေတဲ့ ဆေးလိပ်ကိုပဲ ဆက်သောက်ရင်း ရပ်ပဲနေလိုက်တော့တယ်။ ထောင့်ချိုးမှာ ရှိနေတဲ့သူတို့က ကျွန်တော့်ကိုမမြင်ကြ။ ပြတင်းပေါက်ရဲ့ မှန်ကနေ မြင်နေရတာတော့ နှစ်ကောင်သား ခုံပေါ်မှာထိုင်ရင်း ဧရာက လင်းယံပခုံးကို ဖက်ပြီး သူ့ဖုန်းကိုပြနေတယ်။ လင်းယံကလည်း ဖုန်းကို စိတ်ဝင်တစားနဲ့ ငုံ့ကြည့်နေခဲ့တာ။
"လှတယ်မဟုတ်လား အနက်လေး"
"လှတယ် ကျွန်တော် အဲဒါလေး တော်တော်ကြိုက်တာ ရုပ်ထွက်လည်းမဆိုးဘူး"
"ငါ့ယောက်ဖ စလုံးရောက်တုန်း Sale ချနေတာ တွေ့လို့ မှာမလား လှမ်းမေးတာ တော်တော်တန်တယ် ဟေ့ကောင် မင်းမှာမလားလို့။ ငါလည်း ယူမလို့လေ။ နှစ်လုံးဆို ပိုသက်သာတယ်တဲ့ကွ"
"အင်း .... မယူတော့ပါဘူး ကိုရာ"
"ဘာလို့တုန်း မင်းပဲ လိုချင်တယ်ဆိုပြီး"
"မယူတော့ဘူး ချွေတာရမယ်"
"ဘောကိုချွေတာ မင်းက ဘာသုံးစရာရှိတာကျ"
ဧရာထဆဲတော့ လင်းယံက ခေါင်းကိုမော့ပြီး ရယ်နေတယ်။ ခိုးနားထောင်သလိုဖြစ်နေပေမယ့် ခုမှထထွက်သွားရင်လည်း တစ်မျိုးကြီးဆိုပြီး ဆက်ပြီးရပ်နေရတော့တာပဲ။
"အာ ... ကျွန်တော် မြေ့ကို အကြွေးတွေဆပ်ရမယ်လေ။ မြေ့ကုန်ထားတာ အများကြီးကို"
"မင်းကို ကိုညိုက အခုပေးစမ်းလို့ လည်ပင်းညှစ်နေတာကျ"
"မြေ့က မတောင်းပါဘူး။ နောက်မှ ပြန်လုပ်ပေးလို့ ပြောတာ။ ဒါပေမယ့် ကျွန်တော်က စုထားပေးချင်တာလေ"
YOU ARE READING
ဒီဇင်ဘာမှသည် (Starting in December)
Romanceတစ်ခါတုန်းက ဒီဇင်ဘာမှာ ပိတ်မိနေတဲ့လူတစ်ယောက်ရှိခဲ့ဖူးတယ် ... ။ (Unicode+Zawgyi)