အပိုင်းငါး

3.2K 413 47
                                    

ရက်သတ္တပါတ်တွေဟာ လျင်လျင်မြန်မြန်ပဲ ကုန်ဆုံးသွားခဲ့သလို နှစ်တစ်နှစ်အဆုံးသတ်ဖို့ကလည်း နီးလာပြန်ပါတယ်။ ဒီလိုနဲ့ပဲ လည်ပတ်ရုန်းကန်ရင်းက အသက်ရှင်နေရတဲ့ အကြောင်းပြချက်ကလေးတွေကလည်း တဖြည်းဖြည်းနဲ့ ပိုများလာသလိုပါပဲ။

နိုဝင်ဘာလတစ်လလုံး အလုပ်တွေ တောက်လျှောက်များနေခဲ့သလို နောက်နှစ်အတွက် ပရောဂျက်တွေလည်း တော်တော်များများရလိုက်တာမို့ ဒီနှစ်တော့ ကလေးတွေကို မုန့်ဖိုးပေးဖို့ ကိုဆက်ကို သွားပြောထားတယ်။ ကိုဆက်က ကပ်တဲ့သူဌေးထဲတော့ မပါဘူး။ လူငယ်လည်းဖြစ်ပြီး ကိုယ်တိုင်လည်း ဝန်ထမ်းဘဝကလာလို့လားမသိ အောက်ကလူတွေကို အတော်လေး ကြည့်တဲ့အထဲပါ ပါပါတယ်။ သို့ပေမယ့် founder က သူတစ်ယောက်တည်းမဟုတ်လေတော့ ပြန်တိုင်ပင်ရတာလည်း ရှိသေးတာပေါ့လေ။ နောက် founder တစ်ယောက်ဖြစ်တဲ့ ကိုညီသန့်ကလည်း သဘောအကောင်းသားပါပဲ။ သူကတော့ မိဘလုပ်ငန်းကို ဦးစီးနေရတာမို့ ရုံးကို တစ်ခါတလေမှလာတတ်တာ။

ကျွန်တော်ကတော့ သူတို့နှစ်ယောက်လုံးနဲ့ သိတာလည်း တော်တော်လေး ကြာနေပြီဖြစ်ပြီး အခုလို ရုံးခန်းကြီးနဲ့ ကြီးကြီးကျယ်ကျယ်မဖြစ်ခင်ကတည်းက လက်တွဲလာခဲ့တာမို့ နှစ်ယောက်လုံးရဲ့ ယုံကြည်အားထားရသူလည်းဖြစ်တယ်။ ရှယ်ယာဝင်ဖို့အထိ ပြောခဲ့ပေမယ့် သိတဲ့အတိုင်း ကျွန်တော်ဆိုတာက ပျင်းလာတဲ့အချိန် ရောက်တဲ့နေရာကို လွင့်သွားချင်တဲ့သူမျိုးမို့ ကိုယ်ပိုင်လုပ်ငန်းလုပ်ပြီး သံယောဇဉ်တွယ်ရမှာကို မကြိုက်လှ။ ဝန်ထမ်းပဲလုပ်ပြီး အဆင်မပြြေတော့ဘူးဆို ထွက်လာနိုင်တဲ့ ပုံစံမျိုးနဲ့သာ ကိုက်တာ။

Founder နှစ်ယောက်လုံးကိုလည်း လေးစားသမှုရှိပေမယ့်လို့ ကြောက်လည်းမကြောက်၊ ရှိန်လည်းမရှိန်နဲ့ သူငယ်ချင်းပေါင်း ပေါင်းပြီး ပြောစရာရှိရင် ပြောချတတ်လွန်းလို့ သူဌေးတွေရော တစ်ရုံးလုံးပါ လက်မြှောက်ထားရတာမဟုတ်လား။ ရုံးခန်းထဲတော့ ခဏခဏအခေါ်ခံရပြီး "ညိုကြီးရယ် မင်း ပြသနာမရှာပါနဲ့ကွာ။ ကလေးတွေ သနားပါတယ်" လို့ ချော့လိုက်၊ ခြောက်လိုက်ပြောရတာတော့ ပြောရတာပေါ့လေ။

ဒီဇင်ဘာမှသည် (Starting in December)Where stories live. Discover now