"လင်းယံ ငါ့အိမ်မှာ အေးဆေးသာနေနော်၊ မဟုတ်လည်း ငါကတစ်ကောင်တည်းပျင်းနေတာနဲ့ အတော်ပဲ။ အိမ်ကို တစ်ခါတလေ ဧရာလာအိပ်တတ်တယ်၊ သက်ကိုရောပဲ။ ဒီမှာသောက်ပြီး မူးသွားလို့ မပြန်နိုင်တာရယ်၊ အပြင်မှာသောက်ပြီး မူးလာလို့ ဒီကိုပြန်လာအိပ်တာရယ် နှစ်မျိုးထဲက တစ်မျိုးပဲ။ အခုတော့ မင်းလည်းရှိတယ်ဆိုတော့ ဟိုကောင် ဧရာ ပိုလာတော့မယ်ထင်တယ်။ ဒီကောင်က မင်းကိုတော့ တော်တော်ခင်တာ။ မင်းဆေးရုံတက်တုန်းကလည်း ဒီကောင် တစ်ချိန်လုံး စိတ်ပူလိုက် ဆဲဆိုလိုက်နဲ့ပဲ။ အေးပေါ့ တခြားသူတွေနဲ့က အသက်ကွာပြီး မင်းနဲ့ကျ ရွယ်တူလိုဖြစ်နေလို့နေမယ်"
"ဟုတ် အစ်ကို"
ကိုယ်ကသာ ၁၅ မိနစ်စာလောက်ပြောရင်ပြောသွားမယ် ညိမ်လင်းယံတစ်ကောင်ရဲ့ တုန့်ပြန်မှုကတော့ ဟုတ်ထက်မပိုခဲ့ပါ။
"အခန်းကတော့ တစ်ခန်းပဲဖွဲ့ထားတာဆိုပေမယ့် အရှေ့က နှစ်ခန်းစာလောက်က အလွတ်ကြီးလေ။ ငါ လိုက်ကာဆွဲပြီး အခန်းလိုလုပ်ပေးမယ်။ ဒါမှမဟုတ် ငါ့အခန်းထဲ လာအိပ်လည်းရတယ်နော် ငါ့ကုတင်ကကျယ်တယ်"
"ရပါတယ် ကျွန်တော် ဒီအရှေ့မှာပဲ နေလိုက်မယ်"
"အင်း ... အင်း ပြီးရော"
"အစ်ကို"
"ဟေ အေး ဘာတုန်းပြောလေ"
"ကျေးဇူးတင်ပါတယ် ကျွန်တော်"
"ငါ့ကို တကယ်ကျေးဇူးတင်ရင် မင်းကို တောင်းဆိုစရာ နှစ်ခုရှိတယ်"
"ဟုတ်ကဲ့"
"ပထမတစ်ခုက မင်းကျေးဇူးတင်လို့ ပြီးဦးမှာလား တော်ပါတော့ကွာ ငါလည်း ကျေးဇူးစကားနဲ့တင် ပိနေပြီ။ မင်းစိတ်ကို ဝန်မပိဘဲနဲ့ အေးအေးသက်သာနေပေး ဒါဆိုငါလည်း နေလို့ အဆင်ပြေတယ်"
"ဟုတ်"
"နောက်တစ်ခုက ..."
ဆက်မပြောဘဲ ရပ်နေတော့ လှမ်းကြည့်တယ်။ ကျွန်တော်သူ့အရှေ့တည့်တည့်မှာ ရပ်လိုက်ပြီး မျက်နှာချင်းဆိုင်ကြည့်ကာပြောလိုက်တယ်။
"အင်း ... မင်း ရေချိုးတဲ့အခါ၊ အိမ်သာဝင်တဲ့အခါ တံခါးတွေကို လော့ခ်မချထားပါနဲ့ လင်းယံ။ ဒီအတိုင်း ငါ့ကို ပြောပြီးပဲ ဝင်သွားပေးပါ"
YOU ARE READING
ဒီဇင်ဘာမှသည် (Starting in December)
Romanceတစ်ခါတုန်းက ဒီဇင်ဘာမှာ ပိတ်မိနေတဲ့လူတစ်ယောက်ရှိခဲ့ဖူးတယ် ... ။ (Unicode+Zawgyi)