လင်းယံနဲ့ ကျွန်တော်နဲ့နှစ်ယောက် Client Meeting တစ်ခုသွားရင်း အပြန်မှာတော့ အချိန်အခါမဟုတ် ရွာချလိုက်တဲ့မိုးကြောင့် ကားဆီသို့အပြေးသွားရင်းကပင် နှစ်ယောက်သား ကြွက်စုတ်ဖြစ်သွားရတော့တယ်။
ကားထဲရောက်မှ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်နေတာက မရပ်တော့။လင်းယံကတော့ ထုံးစံအတိုင်း မသိမသာလေးရယ်နေတာပါပဲ။ ကျွန်တော်ကသာ စိတ်ပျက်လက်ပျက်နဲ့ ရယ်နေမိတော့တာ။ ဘယ့်နှယ် Client က ရစ်တာ၊ ရစ်တာ ဆိုတာ ၃ နာရီလောက် တောက်လျှောက်ပဲ။ အကူအညီရမလားလို့ ကိုဆက်ကိုခေါ်လာပါတယ်။ သူက သူဌေးဆိုတော့ ပိုပြီးသည်းခံလောက်မယ်ထင်တာ ပြောနေရင်းနဲ့ သူတို့နှစ်ယောက်က ထပြီးတင်းမာလာလို့ ကိုယ်ကပဲ ပြန်ဆွဲခဲ့ရတဲ့ဘဝ။
အကုန်ရှင်းပြီးတော့လည်း သူ့ဘက်မပါလို့ဆိုပြီး စိတ်က ကောက်ချင်သေးတယ်။ ဘယ်လိုသူဌေးလဲ မသိဘူး ငါ့နှယ်။ မနက်ကတည်းက ဘာမှမစားရသေးလို့ ဗိုက်ကဆာ၊ အရစ်ခံနေရလို့ စိတ်ကရှုပ်ပါတယ်ဆိုမှ ဒီ ခွေးမိုးက ထရွာလာသေးတယ်။ နိုဝင်ဘာပဲ ရောက်နေပြီကို နေရင်းထိုင်ရင်း ရွာနေတာမှ လက်ကျန်အကုန်လုံးကို စုရွာချနေသလို သည်းကြီးမည်းကြီး။
" စိတ်ညစ်ပါတယ်ကွာ ဒီနေ့တစ်နေကုန် ကံမကောင်းလိုက်တာ ချီးလိုပဲ"
မကျေမနပ် ရေရွတ်သံကို လင်းယံက ဘာမှတော့မပြော။ မိုးက အသားကုန်ရွာနေတာမို့ အရှေ့က မြေလမ်းက ဗွက်အိုင်တွေ ဖြစ်ကုန်ပြီ။ အရှေ့ကိုလည်း သဲသဲကွဲကွဲ သေချာမမြင်ရတော့ ကားလည်းမမောင်းချင်သေးတာနဲ့ စတီယာရင်ပေါ် မှောက်ချပြီး ငြိမ်နေမိတယ်။ တစ်နေကုန် ညီးစီစီဖြစ်နေပါတယ်ဆိုနေ မိုးကပါစိုတော့ လူက ယားသလိုလိုနဲ့ ညစ်ညစ်ပတ်ပတ်ကြီး ခံစားနေရတော့တာပဲ။
" လင်းယံ ခဏလေးနော်။ မိုးတိတ်မှ သွားကြမယ်။ အား ... ဒီမိုးကလည်းကွာ စိတ်ကုန်တယ်။ လူက ညစ်ပတ်ပြီး ခွေးဖြစ်နေပြီ။ မိုးရေပဲဆင်းချိုးလိုက်ရင် ကောင်းမလား ... ဟင် လင်းယံ"
" အစ်ကို ချိုးချင်လိုလား"
" စတာလေကွာ မင်းကလည်း။ အခုတောင် စိုရွှဲနေတာ။ မိုးရေချိုးလိုက်ရင် အစိုစိလိုက် ပြန်နေရမှာပေါ့။ ရေချိုးချင်တယ်ကွာ"
YOU ARE READING
ဒီဇင်ဘာမှသည် (Starting in December)
Romanceတစ်ခါတုန်းက ဒီဇင်ဘာမှာ ပိတ်မိနေတဲ့လူတစ်ယောက်ရှိခဲ့ဖူးတယ် ... ။ (Unicode+Zawgyi)