အပိုင်း နှစ်ဆယ့်သုံး

2.9K 358 99
                                    

အခန်းထဲပြန်လာပြီး ဒေါသထွက်ထွက်နဲ့ အခန်းတစ်ခုလုံးကို လှည့်ပတ်လျှောက်နေမိတာ ဘယ်လောက်ကြာသွားတယ်ဆိုတာတောင် မသိတော့ဘူး။ ညိမ်လင်းယံ ကျွန်တော့်ကိုဆို သည်းသည်းလှုပ်နေအောင် အထိအခိုက်မခံတာကို နေသားကျနေပြီဆိုပေမယ့် ဒီနေ့လို အခြေအနေမျိုးကတော့ လိုတာထက်ကို ပိုနေပြီ။

ဘယ်လိုလုပ်ရမလဲ ... ကျွန်တော့် အပေါ် ဒီလောက်အထိ အရူးအမူး ကာကွယ်ပေးချင်နေတဲ့စိတ်ကို ဘယ်လိုလုပ်ပေးရမလဲ။ ဘာကိုမှ မမြင်နိုင်တော့တဲ့အထိ၊ ဘာကိုမှ မကြားနိုင်တော့တဲ့အထိ ကျွန်တော့်တစ်ယောက်တည်း အပေါ်မှာပဲ အာရုံရှိနေတာကို ဘယ်လိုဖျောက်ဖျက်ပေးရမလဲလို့ တွေးရင်း ခေါင်းထဲ ချာချာလို့လာတယ်။

အခုကာလတွေမှာ ကျွန်တော့်ကို ချစ်ပါတယ်ဆိုတာ မျက်လုံးတွေမှာ မမြင်ရအောင် ဘယ်လောက်ပဲ ဝှက်ထားထား အပြုအမူတွေကနေတစ်ဆင့် တိုက်ရိုက်ကြီး မြင်နေရတာကို ဘယ်လိုမှ မသိချင်ယောင်ဆောင်လို့မရ။ အရင်ကတော့ ဩ ငါ့ညီလေး ငါ့ကို ချစ်ရှာတယ်၊ ဦးစားပေးတယ်ရယ်လို့ အမှတ်တမဲ့ပဲထားပြီး သဘောကျနေခဲ့ပေမယ့် အခုကကျ သူ့စိတ်ကို မြင်ပြီးပြီမို့ ဘယ်လိုမှ ဒီတိုင်းထားလို့မရ။ အဲဒီလိုဆိုပြီး ဒီတိုင်းချန်မထားခဲ့နိုင်တဲ့ ကိုယ့်မပြတ်သားမှုကိုလည်း ဒေါသထွက်ရတယ်။

ဘယ်လိုပဲ အရင်အခြေအနေရောက်အောင် ပြန်ကြိုးစားလည်း လင်းယံ ကျွန်တော့်အပေါ် ချစ်စိတ်ရှိနေတာကို မသိသလို ကျော်သွားဖို့ ခက်ခဲလွန်းတယ်။ ကိုယ့်မှာ အရိပ်တကြည့်ကြည့်ပြုစုပျိုးထောင်ပေးခဲ့ရတဲ့ ကလေးမို့ သူ့စိတ်ကို အစအဆုံး မသိချင်မှအဆုံး သိနေရတော့ ပိုခက်တယ်။ ကျွန်တော့်တစ်ယောက်တည်းအပေါ်မှာပဲ ပုံအောင်ထားတဲ့ စိတ်ကလေးကို သိလေလေ ကျွန်တော့်မှာ နေရခက်လာလေလေပါပဲ။ ထွက်သွားဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားဖူးပေမယ့် ကျွန်တော်နဲ့ မတူအောင် မထွက်သွားနိုင်ခဲ့တာကိုလည်း ပင်ပန်းရတယ်။

တစ်ယောက်ယောက်ကို ချစ်တယ်ဆိုတာ တားမြစ်လို့ မရဘူးမှန်းလည်း သိနေခဲ့ပြီးသားပါ။ လူတွေရဲ့စိတ်ကို တတ်နိုင်သမျှ လက်ခံပေးဖို့ ဆုံးဖြတ်ထားတဲ့ ကျွန်တော့်အတွက် လင်းယံရဲ့ ချစ်စိတ်က ပမာဏများသလောက် ကြံ့ခိုင်လွန်းတာမို့ ဖြတ်ချလိုက်ဖို့ ဘယ်လိုလုပ်ရမှန်း မဆုံးဖြတ်တတ်တော့ဘူး။ ပုံမှန်ဆို ဘာပဲဖြစ်ဖြစ် ကျွန်တော်မပေးအပ်နိုင်တဲ့အရာတွေအတွက် ဘယ်သူ့ကိုမှ နည်းနည်းလေးတောင် မခံစား၊ မနာကျင်စေချင်တဲ့သူမျိုးမို့ ချက်ချင်းလှည့်ထွက်သွားမိမှာ။ ဒါပေမယ့် လင်းယံကတော့ ကျွန်တော့်အင်အားအကုန်နီးပါးသုံးပြီး စောင့်ရှောက်ကြီးပြင်းစေခဲ့သူဆိုတော့ နှစ်ယောက်လုံးအတွက် ခံနိုင်ရည်ကို ချိန်ဆနေရတာ တကယ် အခက်တွေ့နေရတယ်။

ဒီဇင်ဘာမှသည် (Starting in December)Where stories live. Discover now