(ဒီတစ်ပိုင်းမှာ ရေးနေကျမဟုတ်တဲ့ "သူ"ဆိုတဲ့နာမ်စားမျိုးနဲ့ ရေးလိုက်မိပါတယ်၊ ဖတ်ရတာတစ်မျိုးဖြစ်သွားရင် ဆောရီးပါနော်။ အတွေးတွေများပြီးအီသွားရင်လည်းခွင့်လွှတ်၊ ကျွန်တော်လည်း ရေးရင်းနဲ့ နာလာလို့ အမှားတွေပါရင်လည်း ဖြည့်တွေးပေးပါဦးလို့)
ဘန်ကောက်မှာရောက်နေတဲ့ အသိညီမလေးကို ဆေးရုံမှာထားခဲ့ပြီး မနွယ်ပို့ပေးတဲ့ လိပ်စာကို တစ်နာရီလောက်စောပြီး ရောက်နေခဲ့တယ်။ သာမာန် ဘန်ဂလိုပုံစံ မိုတယ်လေး တစ်လုံးပါပဲ။ ပြတင်းပေါက်တစ်ပေါက်၊ အိပ်ရာတစ်ခု၊ နာရီဟောင်းနဲ့ ဆိုဖာတစ်လုံး။ အခန်းတွင်းအပူချိန် များနေတာမို့ အဲကွန်းကြိုဖွင့်ထားလိုက်တယ်။ လင်းယံက အအေးတအားကြိုက်တဲ့ ကလေးလေ။
၁၅ လှမ်းလောက် လှမ်းရင်ကို အခန်းတစ်ပတ်ပြည့်သွားနိုင်တဲ့ အခန်းကျဉ်းလေးထဲမှာ ဟိုဘက်၊ ဒီဘက်လျှောက်နေရင်း မတည်ငြိမ်နိုင်။ လင်းယံလာလို့ ရပါ့မလား။ မနွယ်ကိုတော့ သူယုံတယ်။ အစ်မကလည်း သူ့လိုမျိုး ရတယ်ဆို ရကိုရတယ်ဆိုတဲ့လူစားမျိုးမို့လိုပဲ။ ဒါကြောင့်လည်း သူနဲ့ဆင်တူတဲ့ မနွယ်ကို လင်းယံအနားထားခဲ့ရတာ။
စောင့်နေရတဲ့အချိန်တွေက ရှည်ကြာလွန်းသလိုပဲမို့ သွဲ့ကိုဖုန်းဆက်လိုက်တယ်။
"သွဲ့ ... ငါနင့်ကို ပြောစရာရှိတယ်"
"ပြောလေ ညို"
"ငါ ... အင်း"
"နင် ငါ့ကို စကားပုလ္လင်ခံနေဖို့မလိုဘူးနော် ညို ပွင့်ပွင့်လင်းလင်းပြော"
"အင်း ... ငါနဲ့တွဲခဲ့တဲ့ ကောင်လေးက နာမည်ကြီးတစ်ယောက်မို့ သူ့ပုံရိပ်အတွက် ငါက လက်ရှိအိမ်ထောင်သည် မဟုတ်တဲ့အကြောင်း ရှင်းပေးဖို့လိုတယ် သွဲ့"
သွဲ့ဘက်က ခဏလောက်တိတ်ဆိတ်သွားပြီးတော့ အဖြေပြန်လာတယ်။
"လုပ်ပေးရမှာပေါ့ ... မဟုတ်ရင် သူ့ပုံရိပ်တင်မကဘူး နင်ကပါ ဖောက်ပြန်တဲ့သူဖြစ်သွားမယ်လေ"
"ငါတောင်းပန်ပါတယ် သွဲ့။ ငါသူ့ကို ကာကွယ်ပေးမှ ရမယ်။ ဒီတစ်ခုလောက်တော့ ငါလုပ်ပေးချင်တယ်"
YOU ARE READING
ဒီဇင်ဘာမှသည် (Starting in December)
Romanceတစ်ခါတုန်းက ဒီဇင်ဘာမှာ ပိတ်မိနေတဲ့လူတစ်ယောက်ရှိခဲ့ဖူးတယ် ... ။ (Unicode+Zawgyi)