အပိုင်းနှစ်

4.2K 412 50
                                    


တောင်ကြီးကို ရှုတင်စီစဉ်ဖို့အတွက် ခရီးသွားလိုက်တာ တစ်ပါတ်လောက်ကြာသွားတယ်။ ပြန်လာတော့လည်း ပင်ပန်းတာနဲ့ ချက်ချင်း ရုံးမတက်ဖြစ်။ Group Chat ထဲမှာ တိုင်စာချည်းပဲ ဘယ်နှစောင်ဖြစ်နေပြီလဲ ဝင်တောင်မကြည့်ရဲတဲ့ အခြေအနေ။ မဖြစ်သေးပါဘူး မနက်တော့ ရုံးသွားမှပါ။ ဒီကောင်တွေ ဘယ်လောက်တောင်‌ဇောက်ထိုးမိုးမျှော် မွှေနေပြီလဲ ပြေးကြည့်စရာမလို၊ တွေးကြည့်ရုံနဲ့ပင် သိသာလှပြီ။

ကိုယ့်လူတွေအကြောင်း ကိုယ်သိတာလည်း မပြောနဲ့။ တကယ့်ကို အမွှေစိန်ကောင်တွေချည်းပဲ စုနေတာလေ။ အလုပ်ကိုတော့ သေချာလုပ်ကြပါရဲ့။ တစ်ခုခု ပြန်ဖိုက်ရတော့မယ်ဆိုရင် နောက်မှာ ကိုညိုရှိတယ်ကွ ဆိုပြီး အားကိုးနဲ့လည်း မိုက်တတ်ပြန်သေးတော့ နှိုင်းမြေ့ညိုဆိုတာ တစ်ရုံးလုံးမှာ ဖိုက်တာကြီးလိုပဲ။ ဒီကြားထဲ နေရင်းထိုင်ရင်း ကိုညိုရှိတဲ့ အဖွဲ့ထဲ လာချင်လို့ position change ပေးပါလို့ တောင်းဆိုကြတာတောင်ရှိလို့ မနည်းတောင်းပန်ထားရတာ။

တကယ်တမ်းကျ လူငယ်တွေချည်းပဲ ရှိတဲ့အလုပ်ဆိုတော့ လူငယ်ဆန်ရမှာပေါ့လေ။ ဒါထက်ပိုတွေးနေစရာကိုမလို။ ခေတ်ရေစီးကြောင်းက ဘယ်လိုပြောင်းပြောင်း ခေတ်တိုင်းမှာ လူငယ်တွေကတော့ ပုန်ကန်မှာပဲ၊ ဂျစ်တိုက်မှာပဲ။ မှန်ဖို့အတွက် ရဲရင့်နိုင်သလို မှားမယ်ဆိုလည်း အတူတူပဲဆိုတာ လူငယ်ပဲ မဟုတ်လား။ ကိုယ်တိုင်ကလည်း လူငယ်ပိုင်းဖြစ်နေသလို စိတ်ခံယူချက်ကလည်း ပေါ့ပါးတတ်တော့ ဒီလူငယ်တစ်အုပ်ကို ကိုင်တွယ်နိုင်တာ အဆန်းတော့မဟုတ်။ ဆူစရာရှိတာဆူ၊ ရန်ဖြစ်စရာရှိတာဖြစ်ပြီးတာနဲ့ ရှင်းစရာရှိ တန်းရှင်းကာ ဖြစ်တဲ့ကိစ္စကို နေရာမှာတင်ထားခဲ့စေပြီး ဘယ်တော့မှ တစ်ယောက်နဲ့တစ်ယောက် အစိုင်အခဲ မကျန်စေတာမို့ပဲ ဒီလောက်ထိ ကာလရှည်ကြာ ဆက်ဆံရေးက အဆင်ပြေနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

" ကိုညို ပြန်လာပြီလား။ ဘာမုန့်ပါလဲ"

" ကိုညို လာပြီ လက်ဘက်ရည်တိုက်"

" ကိုညို ညနေကစ်မယ်လေ"

" ကိုညို report ကည့်ပေးပါဦး။ ဟိုဘဲက ပြင်ခိုင်းပြန်ပြီ စားနေတာဗျာ"

စားပွဲကိုတောင် မရောက်သေးဘူး။ အပေါက်ဝ ရောက်ကတည်းက ခေါ်လိုက်တဲ့ ကိုညိုဆိုတာ အကြိမ်ရေမနည်း။ အမေပေးထားတဲ့ ဒီနာမည် လှတပတလေးကိုလည်း ဘယ်လိုတောင် ဖျက်ခံလိုက်ရလဲဆိုတာ ကိုညိုတဲ့။ အကြီးပိုင်းတွေကဆို ညိုကြီးတဲ့။ Creative သမားတွေဖြစ်ပြီး ဒါမျိုးကျ နောက်ပြန်ဆွဲလိုက်တာဆိုတာ။ စစကြားချင်းတုန်းကတော့ စိတ်ထဲ နေသားမကျ။ ဘယ့်နှယ်နာမည်ကြီးပါတုန်းလို့ ပြန်ရန်တွေ့ဖြစ်ပေမယ့် နောက်ပိုင်းကျ ခဏခဏ ကြားဖန်များတော့ ရိုးအီသွားပြီး နာမည်အပြည့်အစုံကြားရင်တောင် ကိုယ့်ကို ခေါ်တယ်လို့ကို မထင်တော့တာ။

ဒီဇင်ဘာမှသည် (Starting in December)Where stories live. Discover now