အပိုင်းခုနှစ်

3.1K 428 78
                                    

"ကျွန်တော်က မြစ်ကြီးနားမှာမွေးတာ။ ကျွန်တော် တစ်နှစ်သားလောက်မှာ အမေက ဆုံးသွားတာတဲ့"

လေးရက်မြောက်ညမှာတော့ လင်းယံက စကားစပြောလာခဲ့တယ်။ သူမပြောမချင်း မမေးသေးဘူးလို့ပဲ စောင့်နေပေမယ့် အခုတော့ သူ့ဘက်ကပဲ စပြောလာတာမို့ ဘာမှ ဝင်မထောက်ဘဲ နားပဲထောင်ပေးဖို့ တွေးလိုက်တယ်။ 

စောင့်ကြည့်အခန်းထဲမှာ တခြား လူနာတွေလည်း မရှိတော့တဲ့အပြင် မနက်ဖြန်ဆို ဆေးရုံဆင်းလို့ရပြီမို့ အထဲက hall ခန်းထဲ ပြန်ပြောင်းမနေတော့ဘဲ ဆက်နေဖို့ အခန်းတောင်းထားလိုက်တယ်လေ။ ဒီတော့ အခန်းထဲမှာ ကျွန်တော်တို့ နှစ်ယောက်တည်းမို့ စကားစပြောလာတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဘာပဲဖြစ်ဖြစ် စ ပြောလာတာကိုပဲ ကျေးဇူးတင်ရမယ် မဟုတ်လား။

လင်းယံက ကုတင်ပေါ်မှာ နံရံကို ခေါင်းအုံးဖိကာ မှီထိုင်နေရင်း ပြောနေပြီး ကျွန်တော်က ဘေးက လူနာထိုင်လို့ရတဲ့ ခုံနှစ်ခုကို ဆက်ပြီး လှဲနေခဲ့တာ။ သူ့ဘက်ကို မသိမသာ ငဲ့ကြည့်တော့ ကျွန်တော့်ကို ပြန်ကြည့်တဲ့အကြည့်က ဒီနေ့တော့ သူပြောချင်တာတွေ အကုန်ပြောပြမယ့်ပုံပဲ။

"အင်း"

"အဖေက နော်ဝေးကပါ။ မြစ်ကြီးနားက သတ္တုဆိုဒ်မှာ တာဝန်ကျပြီး အမေနဲ့တွေ့တယ်။ ကျွန်တော် ခြောက်လလောက်ကျ နိုင်ငံရေးပြသနာနဲံ သူ့နိုင်ငံကိုပြန်ပို့ခံရတယ်။ အဆက်အသွယ်လည်း မရတော့ဘဲ နောက်ကျ အမေရောဂါဖြစ်တော့ အမေနဲ့ ညီအစ်မလို ရင်းနှီးတဲ့ စစ်စတာကြီးက ကျွန်တော့်ကို မွေးစားလိုက်တာ"

"အင်း ... အဲဒါကြောင့် မင်းမျက်လုံးတွေ ပြာတာနေမယ်"

မျက်နှာကြက်ကိုပဲ ငေးကြည့်ရင်း ကျွန်တော်ပြောတော့ ခေါင်းညိတ်တယ်။ ကချင်ကို နော်ဝေးနဲ့စပ်ထားမှတော့ လင်းယံအသားဟာ ဖြူဖွေးပြီး အရပ်လည်းဒီလောက်ရှည်နေရတာ အံ့အားသင့်စရာမရှိတော့ပါ။ 

"စစ်စတာကြီးက ကျွန်တော့်ကို သူနယ်လှည့်ရာတိုင်းကို ခေါ်သွားတယ်။ ရောက်တဲ့နေရာမှာလည်း ပညာရေးကိုလုံးဝမလွတ်ရအောင် သေချာသင်ပေးခဲ့တယ်။ စန္ဲယားတို့ တယောတို့လည်း သင်ပေးတယ်။ ဘုရားကျောင်းမှာ မကြာခဏတီးရတယ်"

ဒီဇင်ဘာမှသည် (Starting in December)Where stories live. Discover now