အပိုင်း နှစ်ဆယ့်ခြောက်

3.7K 380 217
                                    

"ချစ်တယ် လင်းယံ။ ဆယ်စုနှစ်တစ်ခုကြာပြီးမှ ပြောတဲ့စကားပါ။ ငါ့စကားအတွက် ငါတာဝန်ယူဖို့ အသင့်ပါပဲ"

တိုးတိုးသဲ့သဲ့ စကားသံရဲ့ အဆုံးမှာ နဖူးပေါ်ဖိကပ်လာတဲ့ မြေ့နှုတ်ခမ်းရဲ့ အထိအတွေ့နွေးနွေးကြောင့် ကျွန်တော်က ဘာမှပြန်မတုန့်ပြန်နိုင်တော့ဘဲ မျက်ရည်တွေသာ ဝဲလာတော့တယ်။ ဒီကာလတွေအတွင်း တစ်ခုခုဆို ငိုဖို့ပဲတတ်နိုင်တော့တဲ့သူတစ်ယောက် မဟုတ်တော့ဘဲ ပိုသန်မာလာ၊ ပိုရင့်ကျက်လာခဲ့ပေမယ့် မြေ့နဲ့ပတ်သတ်ရင်တော့ ကျွန်တော်က အရင်အတိုင်း အငိုသန်တဲ့ ကလေးတစ်ယောက်ပါပဲ။

ကျွန်တော့်အပေါ် လူတွေ ဘယ်လိုသတ်မှတ်တာ၊ ဘယ်လိုခေါ်ဝေါ်တာ၊ ဘယ်လိုဆက်ဆံတာ အကုန်လုံးကို စိတ်ဆိုးတယ်တို့ မကြိုက်ဘူးတို့ ထွေထွေထူးထူး မရှိတတ်ပေမယ့် မြေ့သတ်မှတ်ပေးထားတဲ့အရာတွေဆိုရင်တော့ ဘယ်သူ့ကိုမှ ချိုးဖောက်ခွင့်မပေးထားဘူး။ ဒါကို အနားကတွေအကုန်လုံးကလည်း သိထားပြီး အကန့်တစ်ခု ပိုင်းခြားပေးထားကြတာမို့ ကျေးဇူးတင်ရတယ်။ မြေ့က ကျွန်တော့်အတွက်တော့ အကန့်အသတ်၊ အပိုင်းအခြားမဲ့တဲ့ လူတစ်ယောက်ပါ။ မြေ့ဘာပဲလုပ်လုပ်၊ ဘယ်လိုပဲပြောပြော ချစ်တဲ့စိတ်ကလွဲရင် ဘာမှထွက်မလာနိုင်တာကိုလည်း မအံ့ဩနိုင်တော့တဲ့အထိ မြေ့ကို ချစ်မိပြီးသွားပြီလေ။

မျှော်လင့်ချက်မထားပါဘူးလို့ ဘယ်လောက်ပဲပြောပြော တစ်ခါတစ်လေ အားကျတဲ့စိတ်ကလေးကတော့ ဝင်လာတတ်တာပဲ။ မြေ့သဘောကျတဲ့အခါ တလက်လက်တောက်ပနေတဲ့ မျက်လုံးတွေနဲ့ ကြည့်တဲ့သူက ကျွန်တော်ဖြစ်ချင်တာမျိုး၊ မြေ့က သူ့ပခုံးပေါ်မှာ မှီခိုင်းပြီး သူနဲ့ပတ်သတ်တဲ့အကြောင်း အသိပေးတဲ့အခါမျိုး အဲဒီလိုပေါ့ တစ်ခါတလေ အားကျရတယ်။

ဒါပေမယ့် ခဏပါပဲ ဒါက ကျွန်တော် ဘယ်တော့မှ လောဘတက်ခွင့်မရှိတဲ့ နေရာဆိုတာကို အမြဲတမ်းအားဖြင့် နားလည်ခဲ့ပြီးသားပါ။ မျက်နှာလွှဲလိုက်ရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ဘူးလေ။ ပြီးရင်လည်း ဪ မြေ့က သူများနဲ့တွဲတာတောင် အထာကျလိုက်တာဆိုပြီး ချစ်စိတ်ပဲ ပြန်ဝင်လာတော့တာမို့ ဝမ်းနည်းစိတ်တွေဘာတွေကို အနိုင်ယူသွားတော့တာပဲ။

ဒီဇင်ဘာမှသည် (Starting in December)Where stories live. Discover now