"မြေ့"
ဆေးလိပ်သောက်မလို့ ထရပ်လိုက်တုန်းရှိသေး လင်းယံက အခန်းထဲ ပြေးဝင်လာပြီး တန်းဖက်တော့တာပဲ။
"ပြန်ရောက်တာ ဘာလို့ မပြောတာလဲ"
ဆေးလိပ်ကို ကိုက်ထားတာမို့ သူ့ကို မဖြေအားနေတာကို မရပ်ဘဲ ဆက်တိုက်ပြောနေတော့တယ်။
"အဲဒီဘဲတွေနဲ့ မလိုက်သွားနဲ့တော့။ အကျင့်မကောင်းဘူး သူများရည်းစားကို တစ်ပါတ်တောင် ခေါ်သွားတယ်"
" ..."
"ကျွန်တော်မြေ့ကို တအားလွမ်းနေပြီ သိရဲ့လား"
တင်းတင်းကြပ်ကြပ်ပွေ့ပိုက်ပြီး တရစပ်ပြောရင်းက ကိုက်ထားတဲ့ဆေးလိပ်ကို ပစ်ထုတ်လိုက်ပြီး ကျွန်တော့်မျက်နှာကို ပင့်ယူကာ နှုတ်ခမ်းကို ဖိနမ်းပါတော့တယ်။
ဖြစ်သွားတာက မြန်လွန်းတာမို့ ဘာမှပြောလိုက်ချိန်ရော၊ တုန့်ပြန်ချိန်ပါ မရဘဲ မတ်တပ်ရင်း လက်က လေထဲမှာ ကို့ရို့ကားယားနဲ့ အနမ်းခံနေရတဲ့ဘဝ။
"ဟေ့ကောင် ငါ့ဆိုင်ထဲလာပြီး ငါ့ကို မကောင်းပြောနေတယ်ဟုတ်လား"
ကိုသော်ကြီးက ထိုင်နေရာကနေ လှမ်းပြောတော့မှ လင်းယံက ဆတ်ခနဲတုန်သွားပြီး နောက်ကို ကမန်းကတန်းလှည့်ကြည့်တယ်။ တန်းစီထိုင်နေတာဖြင့် ကိုဆက်၊ ကိုသော်ကြီး၊ ကိုကျော်ကြီးနဲ့ ဧရာ စုစုပေါင်းလေးယောက်တောင်မှကို လင်းယံက တစ်ယောက်ကိုမှ မမြင်ခဲ့ဘူးလေ။
"ဟင် အစ်ကိုတို့က ဘယ်တုန်းက ရောက်နေတာလဲ"
"မင်း ... ပြွတ်စ် ပြွတ်စ် လုပ်နေတုန်းကတည်းကလေ"
ကိုသော်ကြီးက မဲ့ကာရွဲ့ကာပြောတော့ လင်းယံက ကျွန်တော့်ကို လှည့်ကြည့်တယ်။
"ငါဘာမှ ပြောချိန်မရှိလိုက်ဘူးလေ မင်းဘာသာ အတင်း ..."
လို့ ပခုံးတွန့်ရင်း ပြောလိုက်တော့ ဖြူနုတဲ့ အသားအရေဟာ ချက်ချင်း အနီရောင်ကိုတန်းပြေးသွားတော့တာမို့ ရယ်မိပါတော့တယ်။
"မင်းဆိုတဲ့ကောင်က မျက်လုံးကို လေဆာပစ်လိုက်တုန်းက နှိုင်းမြေ့ညိုကိုပဲ မြင်အောင် ခွဲစိတ်လာတာလား။ အဲဒီတစ်ကောင်ကလွဲရင် ဘယ်ကောင့်မှ လူမထင်တော့ဘူး။ လူရှိမှန်းလည်း မကြည့် စွတ် ပြွတ်ပြွတ်နေတာ"
YOU ARE READING
ဒီဇင်ဘာမှသည် (Starting in December)
Romanceတစ်ခါတုန်းက ဒီဇင်ဘာမှာ ပိတ်မိနေတဲ့လူတစ်ယောက်ရှိခဲ့ဖူးတယ် ... ။ (Unicode+Zawgyi)