အပိုင်း သုံးဆယ့်နှစ်

3.8K 371 153
                                    

အောက်ကိုဆင်းလာပြီးတော့ ဘယ်ကိုသွားရမှန်းလည်းမသိ၊ ယောင်ချာချာနဲ့။ နာရီကြည့်လိုက်တော့ ည ၁၂ နာရီ။ တစ်ယောက်ယောက်ကို ဆက်သွယ်ပြီး သွားမယ်ဆိုရင်တော့ သွားစရာနေရာမရှားပေမယ့် ဘယ်သူ့ကိုမှ တွေ့ချင်စိတ်လည်းမရှိ၊ ဘာစကားမှလည်း ပြောချင်စိတ်မရှိ။ ဝန်းအပြင်ထွက်ပြီး ဘီယာဘူးလိုက်ရှာဝယ်၊ ကားထဲမှာပဲ ထိုင်သောက်နေမိတယ်။

အချိန်တွေ ဘယ်လောက်ကြာသွားပြီး ဘီယာဘယ်နှဘူး၊ ဆေးလိပ်ဘယ်နှဘူး ဖြစ်သွားပြီလဲ သူမသိတော့ဘူး။ ကျိန်းစပ်နေတဲ့ မျက်လုံးတွေကို ခဏအနားပေးချင်လို့ စတီယာရင်ပေါ်မှောက်ချပြီး အကြာကြီးငြိမ်နေလိုက်တယ်။ မျက်ခွံတွေက လေးလံနေပေမယ့် အိပ်ချင်စိတ်ကတော့ သူ့ကိုယ်တွင်းမှာ ရှိမနေ။

ကျွန်တော်ကလေ လူအများကြီးနဲ့ ပတ်သတ်ခဲ့တာမှန်တယ် ဒါပေမယ့် ပွေရှုပ်ခဲ့တာမျိုးတော့မဟုတ်။ တစ်ပြိုင်နက်တည်းတွဲတာတွေ၊ မလှိမ့်တပတ်လုပ်ပြီး cheat တာမျိုးတွေ ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးဘူး။ ခဏပဲ ပတ်သတ်ကြတဲ့ ဆက်ဆံရေးဆိုပေမယ့် လက်ရှိ ပါတနာကို အမြဲလေးစားမှုထားတယ်။ သဘောမကျတော့ရင်လည်း ချက်ချင်းအသိပေးပြီး ဖယ်ခွာပစ်လိုက်တာ။ စပတ်သတ်ပါတော့မယ်ဆိုကတည်းက ဒီအချက်ကို သဘောတူပြီး ရှိခဲ့ကြတာမို့ တစ်ခါတလေ တွယ်ချင်လာတဲ့ တချို့တချို့ကလွဲရင် ဘာပြသနာမှ သိပ်မရှိ။

သဘောကျတယ်၊ ဒိတ်လုပ်တယ်၊ အိပ်တယ်၊ အပြန်အလှန်ကူညီပေးနိုင်တာမျိုးရှိရင် ဘယ်တော့မှ လက်မရှောင်ဘဲ ဝင်ပါပေးတယ်။ အခုထိလည်း ဒိတ်ခဲ့တဲ့ ဆက်ဆံရေး ပြီးပြတ်တာတောင်မှ တခြားပုံစံတစ်မျိုးနဲ့ ပြန်တွေ့ကြရင်တောင် အေးအေးဆေးဆေး စကားပြောလို့ရ၊ လိုတာရှိ လုပ်ပေးနိုင်တဲ့ အခြေအနေမျိုးတွေပဲရှိခဲ့တာ။ ချည်ဖို့ကြိုးစားလို့ နောက်ဆုတ် ပြေးထွက်လာသူကို မုန်းတီးကြတာမျိုးလည်း ရှိပေမယ့် ကျွန်တော့်ဘက်ကတော့ ဘယ်တုန်းကမှ မကျွံဝင်သွားဖို့ သတိထားခဲ့တာပဲလေ။

ပြောခဲ့သလိုမျိုး လူကောင်းတစ်ယောက်မဟုတ်ပေမယ့် လူယုတ်မာတစ်ယောက်တော့လည်း မဟုတ်ဘူးကိုး။ ခဏတာဆိုပေမယ့် အပြန်အလှန် လေးစားမှုနဲ့ တည်ဆောက်ခဲ့တာချည်းပဲ။ အဲဒီလို ပတ်သတ်မှုမျိုးမှာတောင် လက်ရှိလူတစ်ယောက်ကို မပြတ်မသားဘဲနဲ့ စည်းမကျော်တတ်တဲ့ ကျွန်တော်က ချစ်ပါတယ်ဆိုပြီး ရွေးချယ်ထားတဲ့ ချစ်သူကို ဘယ်လိုစိတ်နဲ့ ဖောက်ပြန်နိုင်မှာလဲ။ ဘယ်လိုလုပ်ပြီးတော့ ကျွန်တော်ချစ်တဲ့ လူတစ်ယောက် ရှိနေသားနဲ့ နောက်တစ်ယောက်နဲ့ အိပ်နိုင်မှာလဲ။

ဒီဇင်ဘာမှသည် (Starting in December)Where stories live. Discover now