"ဟိုမှာ လာပါပြီ မင်းသား"
ဧရာ့အသံကြောင့် လှည့်ကြည့်လိုက်တော့ အပေါက်ဝမှာ လင်းယံ။
"ဟာ ... အစ်မနှင်းအိ"
"အမယ်လေး အမယ်လေး ငါ့မောင်လေး ငါ့အငယ်ဆုံးလေး ကြည့်ပါဦး မတွေ့တာ ဘယ်လောက်ကြာပြီလဲ"
"ဟဲ့ ... ဟဲ့ ငါလည်းရှိတယ်နော် အငယ်လေး"
"မဖြိုး ....."
သူ့အစ်မတွေဝိုင်းဖက်တာကို ဆီးကြိုပွေ့ရင်း အံ့ဩပြီး ပျော်နေပုံရတဲ့ လင်းယံက ပြုံးပြုံးရွှင်ရွှင်နဲ့။
"ကိုမင်းမင်းရောပါလား လူစုံလိုက်တာ"
"ဟုတ်တယ် ငါက နောက်နှစ်ရက်နေ ပြန်မှာ ကြုံတုန်း အကုန်စုံရအောင် ကိုညို စုပေးလို့"
ဝင်လာကတည်းက ကျွန်တော့်ကို ရှာနေပေမယ့် လူအုပ်လိုက်ကို မကျော်နိုင်ဘဲ ရောက်မလာနိုင်ရှာ။
"မင်းမင်း မပြန်ခင် စုံရအောင်လို့ဆိုပြီး စုလိုက်တာ နောက်နှစ်ရက်နေ မင်းမွေးနေ့ပဲဆိုတော့ ဒီနေ့ပဲ လုပ်လိုက်မယ်ဆိုလို့လေ သက်ကိုလည်းပါတယ်။ ကိုဆက်နဲ့ ပုလင်းသွားဝယ်နေတာ"
"ကောင်းတာပေါ့ မတွေ့ရတာ ကြာလှပြီ"
"လာဦး ဒီမှာထိုင်ပါဦး"
နှင်းအိက လင်းယံကို အသည်းဆုံးဆိုတော့ သူ့မောင်လက်ကလေးကို ကိုင်ရင်း ကလေးတစ်ယောက်လို တဖွဖွ ပြောနေသလို ဖြိုးဖြိုးမကတော့ ထုံးစံအတိုင်း တဖတ်ဖတ်ရိုက်ရင်းပြောနေလေရဲ့။ အငယ်ဆုံး သုံးယောက်ပြန်ဆုံတာမို့ ကျွန်တော့်မှာ ကြည့်ရင်း သဘောတကျ။ သူ့မွေးနေ့လေး လူစုံအောင်လို့ ကိုသော်ကြီးတို့ဆိုင်မှာပဲ ချိန်းလိုက်တာမို့ တစ်ခန်းလုံးမှာ ကိုယ့်လူတွေချည်းပဲ။
"ကချင်သား အခြေအနေ... အေးဆေးပဲလား။ ငါတို့ဆိုင်လည်း ပစ်မထားပါနဲ့ လာပါဦးကွ"
"ဟုတ်ကဲ့ အစ်ကို ကျွန်တော်လာဖို့လုပ်နေပါတယ်။ ဒီရက်ပိုင်း ပွဲများနေလို့ မွေးနေ့ကျ တစ်ခေါက်ထပ်လာခဲ့မယ်လေ"
"အိုခီပါ အေးဆေးနေကြဦး ငါလည်း ဝင်လိုက်ထွက်လိုက် လုပ်နေမှာ။ အရှေ့မှာလည်း လူများနေလို့။ ဟိုမြေနိုးလေးက လူကျပြီဆို ဘယ်လစ်လစ်သွားမှန်းမသိဘူး။ သူ့ကိုရှာရတာ တစ်လုပ်"
YOU ARE READING
ဒီဇင်ဘာမှသည် (Starting in December)
Romanceတစ်ခါတုန်းက ဒီဇင်ဘာမှာ ပိတ်မိနေတဲ့လူတစ်ယောက်ရှိခဲ့ဖူးတယ် ... ။ (Unicode+Zawgyi)