Chapter 1 (U)

1.7K 36 0
                                    

Chapter 1

ဘယ်ညာစည်းချက်မှန်မှန် ခြေလှမ်းများကို ခပ်ကျဲကျဲနှင့် ခပ်သွက်သွက် လျှောက်လှမ်းလာသူတစ်ယောက်။ ခြေလှမ်းတိုင်းက မာန်ပါသလို ထိုသူ၏ တစ်ကိုယ်လုံးသည်လည်း ဟိတ်ဟန်အပြည့်။ အပေါ်အောက် အနက်ဝမ်းဆက် ယူနီဖောင်းက ခန္ဓာကိုယ်ပေါ် ချပ်ရပ်နေသဖြင့် လက်တစ်ချက်လွှဲလိုက်တိုင်း၊ ခြေတစ်ချက်လှမ်းလိုက်တိုင်း တင်းရင်းသွားသည့် ကြွက်သားစိုင်များက အထင်းသား။ မြင့်မားသည့်အရပ်နှင့် ထိုကိုယ်ကာယမှာ ကြည့်ကောင်း လိုက်ဖက်လွန်းလှသည့် အခြေအနေ။

တည်လွန်းတင်းလွန်းသည့် မျက်နှာကတော့ ဘေးဘီဝဲယာကို တစ်စက်လေးမှ ကြည့်မနေ။ ခေါင်းကို မတ်မတ်ထားကာ စူးရှသည့် မျက်လုံးတစ်စုံက ရှေ့တည့်တည့်ကိုသာ စူးစိုက်ထားသည်။ ထိုမျက်လုံးများ၏ ပြင်းအား၊ အနည်းငယ် တွန့်ချိုးထားသည့် မျက်ခုံးတန်း နက်နက်များနှင့် တင်းတင်းစေ့ထားသည့် နှုတ်ခမ်းများ ပေါင်းစပ်လိုက်သောအခါ ဒီလူသည် သွားထိသင့်သည့် လူတစ်ယောက်မဟုတ်ဟု အဓိပ္ပာယ် ထွက်လာလေသည်။

ထို့ကြောင့်လည်း လူအများသည် ထိုလူ့ကို ခပ်လှမ်းလှမ်းကသာ ပေါ်တင်တစ်မျိုး၊ ခိုးကြောင်ခိုးဝှက်တစ်မျိုး ကြည့်ရုံ ကြည့်နေကြသည်။ အနားတော့ ဘယ်သူမှ မကပ်ရဲကြ။ စကားလာပြောဖို့တော့ဝေး။ ဒီနေ့မှရောက်လာသည့် တော်ဝင်နန်းတော်၏ ကိုယ်ရံတော်တပ်မှူးအသစ်သည် ဘယ်လိုပုံစံမျိုးလဲဟု သိချင်နေကြသူများသည်လည်း အဝေးက စပ်စုရင်းသာ ကျေနပ်ကြရတော့သည်။

လျှံကတော့ သူ့ကို ကွက်ကြည့်ကွက်ကြည့် လုပ်နေကြသည့် လူတွေ၏ အကြည့်တွေကို သိနေသော်လည်း သတိမထားမိသလို နေလိုက်သည်။ အလိုလိုနေရင်း တင်းကျပ်နေပြီးသား သူ့စိတ်ကို ထပ်ပြီး စိတ်ရှုပ်စရာမပေးလို။ သူဦးတည်နေသည့် နေရာဆီသို့ မြန်မြန်ရောက်ရန်သာ အာရုံစိုက်ထားလိုက်သည်။

တော်ဝင်နန်းတော်ကြီးထဲသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သော်လည်း နန်းတော်တစ်ခုလုံး၏မြေပုံကို အလွတ်ရအောင် မှတ်ထားပြီးသားမို့ သူသွားချင်သည့် နေရာဆီကို ဘယ်သူ့ကိုမှ မေးစရာ မလိုပါဘဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားသည်။

Romeo & RomeoWhere stories live. Discover now