Chapter 26.1 (U)

204 15 1
                                    

Chapter 26.1

နောက်တစ်နေ့မနက် တိမ်ယံနိုးလာတော့ လျှံ့လက်မောင်းပေါ်မှာ ခေါင်းအုံးလျက်သား။

"မင်းလက်ကို ငါ တစ်ညလုံး ဖိအိပ်ထားမိတာတော့ မဟုတ်ပါဘူးနော်"

"မဟုတ်ပါဘူး။ စောစောလေးက ငါ အပြင်ကပြန်လာမှ ပေးအိပ်ထားတာ"

မျက်လုံးဖွင့်ပြီး သေချာကြည့်မိတော့ လျှံက အဝတ်အစား အပြည့်အစုံ ဝတ်ပြီးနေပြီ။ ဆံပင်ကိုလည်း သပ်သပ်ရပ်ရပ် ဖြီးထားကာ ဆပ်ပြာနံ့နှင့် ရေမွှေးနံ့ရောနေသော အနံ့သင်းသင်းလေးလည်း ရနေသည်။

"အပြင်ကို ဘာသွားလုပ်တာလဲ"

"မနက်စာ သွားဝယ်တာလေ။ မင်းနိုးလာရင် အဆင်သင့် စားရအောင်လို့။ ငါပြန်လာတဲ့ထိ မင်းက အိပ်နေသေးတာနဲ့ မနှိုးရက်လို့ ထိုင်ကြည့်နေတာ"

"ပြန်အိပ်ဦးမယ်"

"မအိပ်နဲ့တော့ နိုးနေပြီပဲကို။ ထ... ရေချိုးမယ်ဆို ကန်ထဲမှာ ရေနွေးစပ်ပေးမယ်။ အကြာကြီးတော့ မစိမ်နဲ့တော့။ မနက်စာမြန်မြန်စား။ ပြီးရင် ဆေးသောက်ရအောင်။ ငါ အကိုက်အခဲပျောက်ဆေး ဝယ်လာတယ်"

ဒီလောက်ဆို တိမ်ယံ သဘောပေါက်ပြီ။ လျှံ့မျက်လုံးတွေ ဂဏာမငြိမ်။ အသံကလည်း ပျာယာခတ်လျက်။ တိမ်ယံ့ပခုံးကို ဖက်ထားပုံကအစ တင်းတင်းကျပ်ကျပ်မဟုတ်ဘဲ ကျိုးကြေသွားမှာ စိုးနေသလို ရွရွကလေး။

"ငါ အဲ့လောက် မပျော့ညံ့သေးပါဘူး"

ပခုံးပေါ် မှီလျက်သားကနေ မော့ကြည့်ပြီးပြောလိုက်တော့ လျှံက အကြည့်ချင်းမဆုံအောင် ရှောင်ပြီး တိမ်ယံ့ဆံပင်တွေကိုပဲ ထိုးဖွနေသည်။

"ပျော့ညံ့တာ မပျော့ညံ့တာနဲ့ မဆိုင်ဘူးလေ။ နောက်တစ်နေ့မနက်မှာ ဘယ်လိုခံစားရမလဲ ငါသိနေတာပဲဟာ"

"အာ... မဟုတ်သေးဘူးလေကွာ"

သူ့အတွက် စိတ်အပူကြီးပူကာ မျက်နှာအပျက်ကြီး ပျက်နေသော လျှံ့ကိုကြည့်ပြီး တိမ်ယံ ဆက်ပြောဖို့ စကားလုံး ရွေးနေရသည်။ လျှံ့တုန်းက ကြုံခဲ့ရတာနှင့် အခုအခြေအနေသည် ဘာဆိုဘာမှ မတူကြောင်း ဘယ်လိုရှင်းပြရမလဲ။

Romeo & RomeoWhere stories live. Discover now