Chapter 22 (U)

196 9 0
                                    

Chapter 22

နောက်တစ်နေ့မနက် အိပ်ရာနိုးလာချိန်မှာ လျှံ့မျက်နှာက ကြည်ကြည်လင်လင်။ အချိန်အကြာကြီး လေးလံစွာ ထမ်းပိုးခဲ့ရသော အရာများကို လွှတ်ချလိုက်ရသဖြင့် ပေါ့ပါးလွတ်လပ်သွားသည့်ပုံစံ၊ ပြုံးပြုံးရွှင်ရွှင်နှင့် သွက်သွက်လက်လက် ရှိနေသည်။ စကားပြောပုံကအစ ထိန်းချုပ်မနေရတော့ဘဲ ပေါ့ပါးနေသည့်ဟန်မျိုး။ တိမ်ယံ့အင်္ကျီပေါ်က သွေးစက်များကိုလည်း အကဲခတ်သလို တစ်ချက်ကြည့်လိုက်တာကလွဲလို့ ဘာမှမမေး။

အိမ်ပြန်ခရီးကိုတော့ လျှံကပဲ ကားမောင်းသည်။ တိမ်ယံက မနေ့ညက အိပ်ရေးပျက်ထားတာမို့ အိပ်ချင်နေတာကြောင့် ကားနောက်မှီကို မှီကာ မျက်လုံးများမှိတ်ထားပြီး လိုက်လာသည်။

ဒီနေ့မနက်က တိမ်ယံ ဆေးရုံဆီဖုန်းဆက်ပြီး စုံစမ်းလိုက်သေးသည်။ မိုးစျာန်ဦး မသေပါ။ မသေရုံတမယ်တော့ ဖြစ်နေသည်တဲ့။ ပါးရိုး၊ နှာခေါင်းရိုးတွေကျိုးကာ သွားတွေလည်း အုံလိုက် ကျွတ်ထွက်ထားသည်။ လက်ကျိုးတာအပြင် နံရိုးတွေလည်း ကျိုးထားသေးတာမို့ အသက်ကောင်းကောင်း မရှူနိုင်ဘဲ စက်ကိရိယာများ အကူအညီ ယူနေရသည်တဲ့။ အနည်းဆုံး တစ်လလောက်တော့ အိပ်ရာပေါ်မှာ ပက်လက်ဖြစ်နေရမည့် အနေအထား။

တိမ်ယံ့မျက်နှာပေါ်မှာ ကျေနပ်နှစ်သိမ့်သော အပြုံးတစ်ခု ပေါ်လာသည်။ ကားမောင်းနေသော လျှံကတော့မမြင်။

"တိမ်ယံ အိပ်နေတာလား"

တိမ်ယံ မျက်စိဖွင့်မကြည့်။

"တစ်ဝက်အိပ်နေပြီ"

"တစ်ဝက်ပြန်နိုးလိုက်တော့။ ငါပြောစရာရှိလို့"

"ပြော။ အိပ်ရင်းနားထောင်မယ်"

"အတည်နားထောင်။ ငါ အလေးအနက် စဥ်းစားနေတာ"

တိမ်ယံ့မျက်လုံး မပွင့်သေး။ မျက်ခုံးတော့ ပင့်လာသည်။

"စကားကြီးစကားကျယ် လေသံနဲ့ပါလားဟ။ ပြောစမ်းပါဦး။ ဘာတွေများ အလေးအနက် စဥ်းစားနေတာလဲ"

"ငါအလုပ်ထွက်တော့ရင် ကောင်းမလားလို့"

ဒီတော့မှ တိမ်ယံ့မျက်လုံးနှစ်လုံး ဖျတ်ခနဲ ပွင့်လာရုံသာမက ခေါင်းကပါ ဆတ်ခနဲ ထောင်လာသည်။

Romeo & RomeoWhere stories live. Discover now