Chapter 12
မနေ့ညက လျှံ ပြန်သွားပြီးနောက် အိပ်ခန်းထဲရောက်ပြီး အိပ်ရာပေါ် လှဲမိသည်အထိ တော်တော်နှင့် အိပ်မပျော်ခဲ့။ အိပ်ချိန်နောက်ကျတော့ မနက် စောစောမနိုးတော့။ မနက်စာမစားဘဲ အလုပ်ဆီ အမြန်ပြေးဖို့ကျတော့လည်း မေမေက လက်မခံပြန်သဖြင့် အပြေးအလွှား စားလိုက်ရသေးသည်။ အားလုံးခြုံလိုက်တော့ တိမ်ယံ ဒီမနက် အလုပ်နောက်ကျသွားသည်။
သိပ်တော့ ကိစ္စမရှိပါ။ သူ့လက်ထောက်တွေဖြစ်သည့် အမြွှာညီအစ်ကိုက ရောက်နှင့်ပြီး သူလုပ်ရမည့် အလုပ်များကို လုပ်ထားကြနှင့်ပြီ။
"ဆောရီးကွာ။ အစ်ကို နည်းနည်း နောက်ကျသွားတယ်"
"ရပါတယ် အစ်ကိုရဲ့။ ကျွန်တော်တို့ကို အားနာစရာလည်း မလိုဘဲနဲ့"
"ရော့၊ အစ်ကိုလည်း နောက်ကျလက်စနဲ့ မထူးဘူးဆိုပြီး မင်းတို့အတွက် ကော်ဖီဝင်ဝယ်လာခဲ့တယ်။ ပိုင်ပိုင့်အတွက်က ဘလက်ကော်ဖီ၊ နိုင်နိုင်က Latte"
"ဝိုး အစ်ကိုက ကျွန်တော်တို့ အကြိုက်တွေပါ မှတ်ထားတာပဲ။ ကျေးဇူးပါဗျ။ ကောင်းကောင်းသောက်ပါ့မယ်"
"ကျွန်တော်တို့အတွက်ပဲလား။ အစ်ကို့အတွက်ရော မဝယ်ခဲ့ဘူးလား"
"မင်းကလည်းကွာ။ အစ်ကို့အတွက်က ဝယ်စရာ မလိုဘူးလေ။ တပ်မှူးလာပို့သွားပြီကို။ အစ်ကို၊ အစ်ကို့သူငယ်ချင်း တပ်မှူးက အစ်ကိုလာရင် ပေးလိုက်ဆိုပြီး ဓာတ်ဘူးတစ်ဘူး လာပေးသွားလို့ အစ်ကို့ရုံးခန်းစားပွဲပေါ်မှာ တင်ထားတယ်"
အမြွှာထဲက အကြီးကောင် ပိုင်ပိုင့်စကားကြောင့် တိမ်ယံ့မျက်နှာ ရှိန်းခနဲ။ တကယ်ပါပဲ။ ကလေးတွေကတောင် ပြောချင်စရာဖြစ်အောင် ဘယ်လိုတွေ လုပ်နေတာလဲ။
အေးလေ၊ သူ့ကိုသာပြောနေ။ ကိုယ်ကလည်း ကိုယ်ပါပဲ။ လျှံဖျော်ပေးတာမှ မဟုတ်ရင် မသောက်ချင်ဘူးဆိုပြီး ကော်ဖီဆိုင်ရောက်တာတောင် သောက်မှ မသောက်ဖြစ်ခဲ့ဘဲ။
"ဪ အင်း အင်း၊ ကျေးဇူးပဲ ပိုင်ပိုင်။ အဲဒါဆို အစ်ကို ရုံးခန်းထဲ ခဏသွားလိုက်ဦးမယ်"
"ဟုတ် အစ်ကို။ အဲ ဟိုလေ အစ်ကို..."
လှည့်ထွက်တော့မလို လုပ်ပြီးမှ နောက်ပြန်လှည့်ပြီး ပြောလေဆိုသည့်ပုံ မေးဆတ်ပြလိုက်တော့ ပိုင်ပိုင်က ဟီးခနဲ ရယ်ပြလာသည်။
YOU ARE READING
Romeo & Romeo
General FictionType - bl Genre - Drama Warning - Domestic abuse, Sexual assault