Chapter 4 (U)

1K 29 0
                                    

Chapter 4

ဒီနေ့အတွက် လျှံ့တာဝန်ချိန်က မနက်ခင်းတစ်ပိုင်းသာ။ နေ့လယ်စာစားချိန်မှစ၍ တစ်နေကုန် အားသွားပြီ။

သူ့အလုပ်က သီရိ၏ ကိုယ်ရံတော်ဆိုသော်လည်း သာမန်တပ်သားအဆင့် မဟုတ်ဘဲ တပ်မှူးအဆင့်မို့ သီရိနားမှာ အချိန်ပြည့် နေပေးစရာမလို။ အကြောင်းကိစ္စ တစ်ခုခုကြောင့် မင်းသမီးဖြစ်သူ နန်းတော်အပြင် ထွက်ရလျှင်တော့ မဖြစ်မနေ သူပါဖို့လိုသည်။ နန်းတော်ထဲမှာပဲဆိုလျှင်တော့ တခြားတပ်သားများက အလှည့်ကျ စောင့်ရှောက်ပေးနေရုံနှင့် လုံလောက်သည်။ လျှံ့အလုပ်က တော်ဝင်မင်းသမီး၏ ကိုယ်ရံတော်တပ်ဖွဲ့ကို စီစစ်ကြပ်မတ်ဖို့လောက်သာ အဓိက လုပ်ရတာမို့ အလုပ်မများဘဲ အချိန်တော်တော်များများ အားနေတတ်သည်။

အားနေပြီဆိုလျှင် သူခြေဦးလှည့်တတ်သည်က တော်ဝင်စာကြည့်တိုက်ဆီသို့။

"လာပြန်ပြီလား။ မင်းဘာလာလုပ်ပြန်တာလဲ"

ဝင်ဝင်ချင်း ကြိုဆိုခံရသည့်အသံက ထိုအတိုင်း။ ဟိုတစ်ရက်ကလို တွေ့တာနှင့် ပါးရိုက်မခံရတာပဲ တော်သေးသည်လို့ ပြောရမည်။

"စာကြည့်တိုက်ကို စာဖတ်ဖို့လာတာပေါ့။ တခြားဘာကြောင့် ဖြစ်ရဦးမလဲ"

အရိုးသားဆုံး မျက်နှာပေးနှင့် ဖြေလိုက်တော့ စာကြည့်တိုက်မှူးကြီး၏ မျက်မှောင်ကြုတ်ပြီးကြည့်ခြင်းကို ခံလိုက်ရလေသည်။

"စာအုပ်တွေ မစုတ်မပြဲစေနဲ့။ ဖတ်ပြီးရင် ယူတဲ့နေရာမှာ စနစ်တကျပြန်ထား"

ဘောက်ဆတ်ဆတ်ပြောပြီး ခြေထောက်မဆောင့်ရုံတမယ် လှည့်ထွက်သွားသည့် နောက်ကျောပြင်လေးကို ငေးကြည့်နေခွင့် ရရုံလေးကတောင် သူ့ဘဝအတွက် ဆုလာဘ်တစ်ပါး ဖြစ်နေပြီဆိုတာကို ဒီကောင်လေးက မသိဘူးတဲ့လား။ လျှံ့စိတ်ထဲကနေ မချင့်မရဲ တွေးလိုက်မိသည်။ မသိစရာတော့မရှိ။ မသိချင်ယောင် ဆောင်နေတာပဲ ဖြစ်ရမည်။

စာကြည့်တိုက်ထဲတွင် စာဖတ်နေသူအချို့လည်း ရှိနေတာမို့ ကိုယ်က အားနေသူပေမယ့် အလုပ်လုပ်နေသူ စိတ်အနှောင့်အယှက် မဖြစ်ရအောင် စိတ်ဝင်စားလောက်မည့် စာအုပ်အချို့ကို ဆွဲယူကာ လူမရှိသည့် စားပွဲတစ်လုံးတွင် နေရာယူလိုက်တော့သည်။ ထိုအချိန်မှစ၍ သူလုံးဝမထတော့။

Romeo & RomeoWhere stories live. Discover now