Chapter 24 (U)

172 10 0
                                    

Chapter 24

မြို့စွန်ရှိ ပန်းခင်းကြီးအလယ်တွင် တစ်လုံးတည်း ထီးထီးရှိနေသော တစ်ထပ်အိမ်ပုလေးရှေ့သို့ ကားတစ်စီး ထိုးရပ်လာသည်။

ဒေါက် ဒေါက် ဒေါက်။

တံခါးလာဖွင့်ပေးသူက မျက်နှာကြီး ရှစ်ခေါက်ချိုးနှင့် လျှံ။

"ငါတို့နှစ်ယောက်ကို အေးအေးဆေးဆေး ပေးနေလိုက်ရင် မင်းတို့နဖူး မြွေတက်ကိုက်မှာစိုးလို့ လာနှောင့်ယှက်ကြတာလား"

ကြိုဆိုမခံရသော ဧည့်သည်များဖြစ်သည့် သီရိနှင့်စောညီက အိမ်ထဲဝင်ရင်း လျှံ့ကို တစ်ယောက်တစ်ချက်စီ ဝိုင်းရိုက်ကြသည်။

"စေတနာကို ကြပ်ကြပ်စော်ကား။ နင်မြေမျိုမယ်"

"အကောင်းနဲ့လည်း လူနာလာမေးရသေးတယ်။ မင်းတို့ကို သေသေရှင်ရှင် ပစ်ထားလိုက်ရမှာ ခွေးမသားလေးတွေ"

ဒီနေ့မနက် တိမ်ယံ ဆေးရုံဆင်းခွင့်ရသည်။ သူ့အိမ်သူမပြန်ဘဲ မြို့စွန်က အိမ်လေးကိုပဲ သွားပါမည်လို့ တဂျီဂျီ လုပ်နေတာမို့ လျှံကပါ ဒီအိမ်မှာ အတူလိုက်နေပေးဖို့ ဖြစ်လာသည်။ သူတို့ ဆေးရုံက ထွက်လာတုန်းက စောညီမရှိ။ ဖုန်းဆက်ပြီးပဲ အကျိုးအကြောင်း ပြောပြလိုက်တာ အခု အိမ်ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြီ။

"သီရိ နင်ကရော စောညီနဲ့ ဘယ်လို ပါလာတာလဲ"

"တိမ်ယံ ဆေးရုံဆင်းသွားတာ ငါမသိဘူးလေ။ ဆေးရုံသွားရအောင်ဆိုပြီး စောညီကို အဖော်ဝင်ခေါ်တာ။ အဲ့ကျမှ နင်တို့ ဒီမှာဆိုလို့ လိုက်လာတာပဲ"

"နန်းတော်ထဲက ခိုးထွက်လာပြန်တာတော့ မဟုတ်ပါဘူးနော်"

"ပြောပြီး ထွက်လာတာပါဟဲ့။ အပြန်တော့ နင်လိုက်ပို့ဦး။ နင့်ဆီသွားမှာလို့ ပြောပြီးထွက်လာတာ။ ငါ့မိဘတွေက နင်နဲ့ဆို စိတ်ချတယ်"

"ဟားဟား စိတ်ချမှာပေါ့။ နင့်သတို့သားလောင်းပဲ"

သီရိလက်ဝါးက လျှံ့လက်မောင်းဆီ ဝဲပျံလာပြန်သည်။

"မသာကောင်ရယ်... မေ့လောက်ပြီဆို အဲ့ကိစ္စကို အစဖော်ပြီ"

"ဘာတွေ အစဖော်နေကြတာတုန်း"

Romeo & RomeoWhere stories live. Discover now