Chapter 21 (U)

178 12 0
                                    

Chapter 21

မျက်ရည်စဲအောင် ငိုပြီးပြီဆိုသည့်အချိန်ရောက်မှ တိမ်ယံ လျှံ့ရင်ခွင်ထဲမှ ရုန်းထွက်လိုက်သည်။ လျှံကမ်းပေးလာသော တစ်ရှူးနှင့်ပဲ မျက်နှာတစ်ပြင်လုံး ပြောင်စင်အောင် သုတ်လိုက်ပြီး...

"ရပြီ။ ဆက်ပြောတော့"

တိမ်ယံ့စကားကို လျှံ ချက်ချင်းနားမလည်။

"ဘာကိုလဲ အချစ်"

ငိုထားသောအရှိန်နှင့် မျက်လုံးများရော နှာခေါင်းပါ နီရဲနေသေးတာကလွဲလို့ တိမ်ယံ အများကြီး တည်ငြိမ်သွားပြီဖြစ်သည်။ ခန္ဓာကိုယ်တင်မက စိတ်ကပါ အရာအားလုံးကို ရင်ဆိုင်နိုင်အောင် အသင့်ဖြစ်နေပြီ။

"မင်းပြောနေတဲ့ အကြောင်းအရာတွေက အဆုံးထိ မရောက်သေးဘူး။ ကျန်နေသေးတယ်"

"....."

"လျှံ... မင်းနဲ့ငါ့ကြားမှာ လျှို့ဝှက်ချက်တွေရှိနေတာ ဒီညက နောက်ဆုံးညပဲ။ မနက်ဖြန်ကစပြီး ငါတို့ကြားမှာ ဘာတစ်ခုမှ ခြားမထားရတော့ဘူး။ အဲဒါကြောင့် ဒီည သန်းခေါင်မတိုင်ခင် မင်း ငါ့ကို ဖုံးကွယ်ထားတဲ့ကိစ္စမှန်သမျှ အကုန်ပြောတော့"

နက်ရှိုင်းသော လျှံ့မျက်ဝန်းများက သူ့ကို အကဲခတ်နေတာမှန်း တိမ်ယံသိသည်။ ထို့ကြောင့် အကြည့်ကိုမလွှဲ။ မျက်ဝန်းနှစ်စုံ အတော်ကြာသည်ထိ အသံတိတ် စစ်ခင်းနေကြပြီးမှ လျှံက အလျှော့ပေးသွားဟန်နှင့် ကုတင်ခေါင်းရင်းကို ပြန်မှီသွားကာ လက်ဖဝါးနှစ်ဖက်နှင့် သူ့မျက်နှာကို ပွတ်ပစ်လိုက်သေးသည်။ ပြီးမှ ပင်ပန်းနွမ်းနယ်ဟန် ပေါက်နေသောအသံနှင့် စကားစလာသည်။

"မင်းပြန်သွားပြီး တော်တော်ကြာတော့ ငါ့အမေရောက်လာတယ်။ ဧည့်တွေ့ချိန် ကုန်ခါနီးမှ ရောက်လာတာဆိုတော့ မြန်မြန်စကားပြောပြီး မြန်မြန်ပြန်တော့မယ်တဲ့။ ငါမျက်နှာမကောင်းတာကိုမြင်လို့ မေးတော့မေးသေးတယ်။ မင်းကိုလွမ်းလို့လို့ ဖြေလိုက်တော့ ငါ့ခေါင်းကိုပွတ်ပြီးတောင် နှစ်သိမ့်ပေးသေးတယ်"

"သား ဖြတ်သန်းနေရတဲ့ဘဝက ပင်ပန်းခက်ခဲလွန်းနေမှန်း မေမေသိပါတယ်တဲ့။ ဒါပေမယ့် ခဏလောက် အားတင်းထားပါဦး၊ တစ်နေ့ကျရင် သားချစ်တဲ့သူရဲ့လက်ကို ရဲရဲဝံ့ဝံ့ဆွဲပြီး မေမေ့ဆီ ခေါ်လာမှာကို မေမေ မြင်ချင်သေးတယ်တဲ့။ ဟိုတစ်ခါ သင်္ချိုင်းမှာတုန်းက ငါပြောဖူးတဲ့စကားလေ"

Romeo & RomeoWhere stories live. Discover now